ရန်ကုန်မိုးပျံ အမြန်လမ်းမစီမံကိန်း ဆန်ခါတင်လျှောက်လွှာတွင် တရုတ်ကုမ္ပဏီများ အများဆုံးပါဝင်နေ

ရန်ကုန်မိုးပျံ အမြန်လမ်းမစီမံကိန်း ဆန်ခါတင်လျှောက်လွှာတွင် တရုတ်ကုမ္ပဏီများ အများဆုံးပါဝင်နေ
ဓာတ်ပုံ -ရန်ကုန်-မန္တလေး အမြန်လမ်းကို တွေ့မြင်ရစဉ်

နိုဝင်ဘာ ၁၅ ။           ။ ရန်ကုန်မိုးပျံအမြန်လမ်းမကြီး စီမံကိန်း (YEX) အပိုင်း ၁ အတွက် ဆန်ခါတင်အရည်အသွေး ပြည့်မီမှု လျှောက်လွှာ ၁၂ စောင် လက်ခံရရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ  ယနေ့ ကြေညာထားခဲ့ပြီး တရုတ်ကုမ္ပဏီ ၄ ခုနှင့် အခြားကုမ္ပဏီများ ပါဝင်နေသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မိုးပျံလမ်းစီမံကိန်း (YEX) Project Phase I အတွက် လျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ လျှောက်လျွှာ ၁၂ စောင်တွင် တရုတ်ကုမ္ပဏီ ၄ ခု၊ မြန်မာ-တရုတ်ဖက်စပ် ကုမ္ပဏီ ၂ ခု၊ တရုတ်-ထိုင်းဖက်စပ်ကုမ္ပဏီ ၁ ခု၊ ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ဖိလစ်ပိုင် ကုမ္ပဏီ ၁ ခု စီပါဝင်ကာ ထိုင်း-မြန်မာ-ဂျပန် ဖက်စပ်ကုမ္ပဏီ ၁ ခုတို့ ပါဝင်နေသည်။

လျှောက်လွှာတင်သွင်းရန်  နိုဝင်ဘာလ ၁၃ ရက် နောက်ဆုံးထား လျှောက်ထားခိုင်းခဲ့ခြင်း ဖြစ်ပြီး စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများထံမှ ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ (Prequalification Application) - (၁၂)စောင်ကို လက်ခံရရှိခဲ့သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်က ရန်ကုန်မိုးပျံ အမြန်လမ်းမ စီမံကိန်း တည်ဆောက်ရန် အဆိုပြုထားသည့် ကုမ္ပဏီပေါင်း ၅၃ ခုအထိ ရှိနေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်းက ထုတ်ပြန်ထားခဲ့ပြီး တရုတ်ကုမ္ပဏီ ၁၃ ခု ၊ ပြည်တွင်းကုမ္ပဏီ ၁၆ ခု ၊ ဂျပန်ကုမ္ပဏီ ရ ခု ၊ ကိုးရီးယား ကုမ္ပဏီ ၄ ခု ၊ အိန္ဒိယကုမ္ပဏီ ၃ ခု တို့အပြင် တခြား နိုင်ငံများမှ ကုမ္ပဏီများလည်း ပါဝင်နေခဲ့သည်။

ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်းသည် ဗိုလ်တစ်ထောင်ဘုရားလမ်းနှင့်ကမ်းနားလမ်းထောင့်မှ စတင်၍ ဗိုလ်တစ်ထောင် ဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်လမ်း၊ မြောက်ဥက္ကလာလမ်း၊ ခရေပင်လမ်း၊ အောက်မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင်တိုင်လမ်းတို့ကိုဖြတ်သန်းကာ ပန်းလှိုင် လမ်းထောင့်တွင် ဆုံးမည့် စီမံကိန်းတစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly