မန္တလေးတွင် အမျိုးသမီးနှစ်ဦးထံမှ စိတ်ကြွဆေးပြား ၅ သောင်းဖမ်းမိ

By ရဲနိုင်(လောက်ကိုင်)
15 November 2018
မန္တလေးတွင် အမျိုးသမီးနှစ်ဦးထံမှ စိတ်ကြွဆေးပြား ၅ သောင်းဖမ်းမိ
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ နိုဝင်ဘာလ ၁၅ ။          ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတွင် ခရီးသည်အမျိုးသမီး နှစ်ဦး၏ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅ဝ,ဝဝဝ ကိုဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

နိုဝင်ဘာလ ၁၅ ရက်၊ နံနက် ၁၂ နာရီခွဲအချိန်တွင် မန္တလေးမူးယစ်တပ်ဖွဲ့ ၁၇ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပုသိမ်ကြီး မြို့နယ်၊ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတွင် ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာမှ ယင်းမူးယစ်ဆေးဝါးများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးမှ ထုတ်ပြန်ထားသည်။

ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာမှ ခရီးသည် မအေးနန်း(ခ)နာစီဘို၏ လက်ဆွဲအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃ဝ,ဝဝဝ ပြား၊ မနာဦး၏ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝ,ဝဝဝ ပြားနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အသက် ၃၄ နှစ်အရွယ် မအေးနန်း(ခ)နာစီဘိုနှင့် အသက် ၁၈ နှစ်အရွယ် မနာဦးတို့အား သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly