(၆) ကြိမ်မြောက် အာဆီယံ-အမေရိကန်ထိပ်သီးအစည်းအဝေးအပါအဝင် အစည်းဝေးများ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

By Mizzima
15 November 2018
(၆) ကြိမ်မြောက် အာဆီယံ-အမေရိကန်ထိပ်သီးအစည်းအဝေးအပါအဝင် အစည်းဝေးများ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

နိုဝင်ဘာ ၁၅ ။           ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ်၌ ကျင်းပသည့် (၆) ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး (6th ASEAN-US Summit) သို့ ယနေ့ နိုဝင်ဘာ လ ၁၅ ရက်က တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Suntec Expo Convention Centre ၌ ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲ၌ ကျင်းပသည့် အာဆီယံ-အိန္ဒိယ အလွတ်သဘော မနက်စာစားပွဲ (ASEAN-India Informal Breakfast Summit) သို့ လည်းကောင်း၊ ဒေသစံတော်ချိန် နေ့လည် ၁၁ နာရီတွင် ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး ထိပ်သီးအစည်းအဝေး (21st ASEAN-Plus Three Summit) သို့ လည်းကောင်း တက်ရောက်ခဲ့ပါသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ အာဆီယံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင်၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးဌေးအောင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Suntec Expo Convention Centre ၌ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီခွဲတွင် ကျင်းပသည့် အရှေ့အာရှနိုင်ငံများ သီးသန့် နေ့လယ်စာစားပွဲ (East-Asia Summit Lunch-Retreat) သို့ တက်ရောက်ခဲ့ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ပါ တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက် အထိ စင်ကာပူတွင် ကျင်းပနေသည့် (၃၃) ကြိမ် မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ရန်  ရောက်ရှိနေကြခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးများ တက်ရောက်နေစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ဒုက္ခသည် အရေးနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်ကလည်း ဝေဖန်ပြောဆိုခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly