လူကုန်ကူး၊လုပ်အားအမြတ်ထုတ်ခြင်းများ နောက်ကွယ်မှခိုင်းစေသူကို ဖော်ထုတ်ပေးနိုင်ရန် တိုက်တွန်းကြောင်း အဆိုတင်

By စည်သူမောင်မောင်မောင်
15 November 2018
လူကုန်ကူး၊လုပ်အားအမြတ်ထုတ်ခြင်းများ နောက်ကွယ်မှခိုင်းစေသူကို ဖော်ထုတ်ပေးနိုင်ရန် တိုက်တွန်းကြောင်း အဆိုတင်

ပုသိမ်၊ နိုဝင်ဘာ ၁၅ ။                        ။ လူအချင်းချင်းခေါင်းပုံဖြတ်၊လူကုန်ကူး နောက်ကွယ်မှ ကြိုးကိုင်စေခိုင်း အမြတ်ထုတ်သူများအား ကွင်းဆက် အလိုက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရေး အလေးအနက်ထားဆောင်ရွက်ရန် တိုင်းအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို မြောင်းမြကိုယ်စားလှယ်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့သည်။

လက်ရှိအခြေအနေတွင် ဧရာဝတီတိုင်းအနေဖြင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်သူ များပြားနေ၍ လုပ်သား ရှားပါးမှု ဖြစ်ပေါ်နေကြောင်း မြောင်းမြကိုယ်စားလှယ်က ထောက်ပြပြောဆိုခဲ့သည်။

“ ယခုအခါမှာ ပြည်ပသို့ တရားမဝင်ရော၊ တရားဝင်ပါ သွားရောက်လုပ်ကိုင်ရန်ထွက်ခွာနေမှုအရ လယ်ယာ လုပ်သား ရှားပါးမှု၊ ၄င်းရှားပါးမှုကြောင့် စျေးနှုန်း ပိုမိုပေးရခြင်း၊ အထွက်နှုန်း ကျဆင်းခြင်း၊ လုပ်ကွက် မပြည့်မီခြင်း အခြေအနေများဖြင့် ရင်ဆိုင်နေရပါတယ်။ ဒါက လုပ်သားရှားပါးမှုကြောင့် ဖွံဖြိုးတိုးတက်မှု နှောင့်နှေးနေတဲ ့ပြဿနာတစ်ခုပါ” ဟု မြောင်းမြကိုယ်စားလှယ်ကဆိုသည်။

ဆက်လက်ပြီး “ မြို့ပေါ်ပတ်ဝန်းကျင် လ္ဘက်ရည်ဆိုင်၊ အရက်ဆိုင်များမှာလည်း လုပ်သား ရှားပါးမှု၊ ငွေကြေးမပြေလည်မှုတို့ကြောင့် အသက်မပြည့်သေးသည့် ကလေးသူငယ်များအား စေခိုင်းနေရပါတယ်။ ဒီလိုကလေးများရရှိအောင် အလုပ်ရှင်ပွဲစားများက အဆင့်ဆင့်ခေါင်းပုံဖြတ်ပြီးမှ အလုပ်ရှင်မှ အလုပ်သမား ရရှိခြင်းပါ။ ဒါက ပြည်တွင်း လူအချင်းချင်းခေါင်းပုံဖြတ်ကိစ္စများထဲက တစ်ခုပါ။ အဆိုးဆုံးကတော့ ပြည်ပသို ့ တရားမဝင် လူမှောင်ခို လူကုန်ကူးတဲ့ကိစ္စရပ်များဖြစ်ပါတယ်၊ လူမှောင်ခိုပွဲစားများဟာ ကျေးရွာနှင့် မြို့များ ဆိုလျှင် ကျေးရွာများကို အဓိကထားပြီး ငွေကြေးဖြင့် မက်လုံးပေး စည်းရုံးခြင်း၊ ရွာခံများမှတဆင့် အလုပ်အကိုင် နေရာကောင်း၊လစာကောင်းများ ရရှိမည်ဟုဆို တဖက်နိုင်ငံသို့ ခေါင်းပုံဖြတ်၊ အမြတ်ထုတ် လူကုန်ကူးနေခြင်းဖြစ်ပါတယ် ”ဟု အဆိုရှင် မြောင်းမြမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသန့်ဇော်ဝင်းက အဆိုနှင့်ပတ်သက်ပြီး တိုင်းလွှတ်တော်သို ့တင်ပြခဲ့သည်။

လူမှောင်ခိုကူးခြင်းမှတ်တမ်းများအရ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် အများဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဖမ်းဆီးဖော်ထုတ်ဆဲအမှုပေါင်း ၁ဝရမှု၊ တရားခံ ၂၉၂ ယောက်၊ လူကုန်ကူးခံရသ ူ ပေါင်း ၁၈၁ဦး၊ ကျား ၂၀ ဦး၊ မ ၁၅၆ ယောက်နှင့် အသက်မပြည့်မိန်းကလေး ၅ ဦး ရှိပြီး ပထမအများဆုံးက ရန်ကုန်တိုင်း၊ ဒုတိယ ရှမ်း၊ တတိယ မန္တလေးနှင့် ဧရာဝတီတိုင်းက စတုတ္တနေရာတွင်ရှိကြောင်းကို အဆိုရှင်က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ယင်းအဆိုအား တိုင်းဒေသကြီးအစိုးရအဖွဲ ့က တိုင်းလွှတ်တော်တွင် ဆွေးနွေးသင့်ကြောင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်က အဆိုအား ဆက်လက်ဆွေးနွေးရန် သဘောတူဆုံးဖြတ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly