ရုပ်ရှင်လူကြမ်းသရုပ်ဆောင်များအတွက် ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲပြုလုပ်

By ဒေါင်းလူ
15 November 2018
ရုပ်ရှင်လူကြမ်းသရုပ်ဆောင်များအတွက် ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် ။            ။ ရုပ်ရှင်နှင့်ဗွီဒီယိုလောကမှာ နှစ်ပေါင်းများစွာပါဝင်သရုပ်ဆောင်ခဲ့ကြပြီး ဘဝကိုပင်ပန်းကြီးစွာရုန်းကန်နေရတဲ့ အသက် ၆၅ နှစ်အထက် သက်ကြီးလူကြမ်းသရုပ်ဆောင်တွေကို ကိုလူချောတို့အဖွဲ့က သက်ကြီးပူဇော်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဒါဟာ ကိုလူချောတို့အဖွဲ့က စီစဉ်ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ကန်တော့ပွဲအခမ်းအနားဖြစ်ပြီး ရန်ကုန်မြို့၊ ၃၅ လမ်းဓမ္မာရုံမှာ နိုဝင်ဘာ ၁၅ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပခဲ့တာ ဖြစ်ပါတယ်။

" အလုပ်လည်း သိပ်မလုပ်နိုင်တော့ဘူး။ လုပ်နိုင်တဲ့သူတွေကျတော့လည်း အလုပ်ကမရှိတော့ဘူး။ ဗီဒီယို ဆိုတာကလည်း သိတဲ့အတိုင်း ပျက်စီးနေပြီဆိုတော့ အလုပ်အကိုင်တွေလည်း ရှားပါးနေတယ်။ အသက် ၆၅ နှစ်ကျော်တဲ့ သက်ကြီးလူကြမ်းတွေ ကန်တော့ပွဲပါ။" လို့ ကိုလူချောတို့အဖွဲ့မှ ခေါင်းဆောင် ဦးအောင်ခိုင်က ပြောပါတယ်။

ဒါ့အပြင် ကိုလူချောတို့အဖွဲ့ရဲ့ ပရဟိတလုပ်ငန်းတွေမှာ အမေရိကန်နိုင်ငံကို သင်္ကန်းဝတ်နဲ့ ရောက်ရှိနေတဲ့ ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းကလည်း ထောက်ပံ့လှူဒါန်းမှုတွေရှိခဲ့ပါတယ်။လက်ရှိအနေအထားမှာ သာသနာ့ဘောင်ကို ရာသက်ပန်ဝင်ရောက်နေတဲ့ ဦးကျော်ဟိန်းဟာ ကျန်းမာရေးအခြေအနေကြောင့် မြန်မာပြည်ကို ပြန်ကြွလာဖို့ မဖြစ်နိုင်တော့ဘူးလို့လည်း  ဦးအောင်ခိုင်က ဆိုပါတယ်။

"သူက လေယာဉ်စီးခွင့်မရဘူး။ မြန်မာပြည်ကို ပြန်ကြွလာဖို့က အလားအလာသိပ်မရှိတော့ဘူးလို့ သူ့ မိသားစုတွေက ပြောတယ်။ ပြီးခဲ့တဲ့ ၇၁ နှစ်ပြည့်မှာပဲ သူက ရုပ်ရှင်အစည်းအရုံးမှာ ၇၅ သိန်း လှူပြီး ဖြစ်ပါတယ်။ အဲဒီအထဲကနေပြီးတော့ ဒီသက်ကြီးပူဇော်ပွဲမှာ တချို့တစ်ဝက်ကို ထုတ်နှုတ်သုံးထားပါတယ်။" လို့ ဦးအောင်ခိုင်က ပြောပါတယ်။

ဒီအခမ်းအနားမှာ ရုပ်ရှင်သရုပ်ဆောင် ခွန်းဆင့်နေခြည် တက်ရောက်ခဲ့ပြီး သက်ကြီးကန်တော့ခံ လူကြမ်း သရုပ်တွေကို ကန်တော့ခဲ့သလို ကိုလူချောတို့အဖွဲ့ကိုလည်း စုစုပေါင်း ငွေကျပ် ၁၆ သိန်း လှူဒါန်းခဲ့ပါတယ်။

" သူတို့တွေ အရမ်းပင်ပန်းကြတယ်။ မင်းသား၊ မင်းသမီးမလုပ်နိုင်တဲ့အရာတွေကို သူတို့လုပ်ပေးကြတယ်။ အဲဒီအတွက်လည်း ဇာတ်ကားကောင်းတွေ ပီပြင်တဲ့ဇာတ်ရုပ်တွေ ပေါ်လာတယ်ပေါ့နော်။ အဲဒီတော့ သူတို့တွေက ကျေးဇူးရှင်တွေပေါ့နော်။ မခွန်းဆင့်တို့ကတော့ သူတို့ကို တတ်နိုင်သလောက် ပံ့ပိုးမယ်လို့ စဉ်းစားထားပါတယ်။" လို့ သရုပ်ဆောင် ခွန်းဆင့်နေခြည်က ပြောပါတယ်။

 

ကိုလူချောတို့အဖွဲ့ကိုတည်ထောင်တဲ့ ၇ နှစ်အတွင်း ဒုတိယအကြိမ်မြောက် သက်ကြီးကန်တော့တဲ့ပွဲမှာ လူကြမ်း သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဦးစံတင်၊ ဦးဌေးဝင်း၊ ဦးဝင်းမြင့်၊ ဦးဇော်မှိုင်း၊ ဦးမြင့်ကြည်၊ ဦးအောင်မြတ် တို့အပါ အဝင် သက်ကြီးလူကြမ်းသရုပ်ဆောင်စုစုပေါင်း ၁၈ ဦးပါဝင်ကန်တော့ခံခဲ့ကြပြီး အခမ်းအနားကို ရုပ်ရှင်လောက သားတွေ တက်ရောက်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly