နီပေါစားသောက်ဆိုင်တစ်ဆိုင်တွင် စက်ရုပ်စားပွဲထိုးများဖြင့် ဧည့်သည်များအား တည်ခင်းဧည့်ခံ

By AFP
15 November 2018
နီပေါစားသောက်ဆိုင်တစ်ဆိုင်တွင် စက်ရုပ်စားပွဲထိုးများဖြင့် ဧည့်သည်များအား တည်ခင်းဧည့်ခံ

နိုဝင်ဘာ ၁၅ ။         ။ နီပေါနိုင်ငံ၊ ကတ်သ်မန်ဒူမြိ့ရှိ နော်လိုစားသောက်ဆိုင်မှာ စက်ရုပ်စားပွဲထိုးတွေသုံးပြီး လာရောက်စားသုံးသူ ဧည့်သည်တွေကို ဆွဲဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

နော်လိုစားသောက်ဆိုင်ဟာ စားပွဲထိုးနေရာမှာ လူသားတွေအစား စက်ရုပ်တွေကို အစားထိုးခန့်အပ်ထားတဲ့ နီပေါရဲ့ ပထမဆုံး စားသောက်ဆိုင်ပဲဖြစ်ပါတယ်။

အမြင့် ၁ ဒသမ ၅ မီတာ (၅ ပေ)ရှည်တဲ့ စက်ရုပ်စားပွဲထိုးမလေး ဂျင်းဂျားကို ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ပိုင်လာနည်းပညာကုမ္ပဏီက တီထွင်ထားတာဖြစ်ပြီး ၎င်းဟာ နီပေါနဲ့ အင်္ဂလိပ်ဘာသာစကား နှစ်မျိုးစလုံး ကို ပြောဆိုနိုင်၊ နားလည်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

စားသောက်ဆိုင်မှာ ရရှိနိုင်တဲ့ ဟင်းလျာစာရင်းကို စားပွဲခုံပေါ်မှာ တပ်ဆင်ထားတဲ့ Touch Screen မှာကြည့်ပြီး နှိပ်လိုက်ရုံနဲ့ ဟင်းလျာတွေကို မှာပြီးသားဖြစ်ကြောင်း သိရှိရပါတယ်။

မှာထားတဲ့ ဟင်းလျာတွေ ပြင်ဆင်ပြီးတာနဲ့ စားဖိုမှူးဟာ ဟင်းလျာတွေကို စက်ရုပ်မလေးဂျင်းဂျားနဲ့ ထည့်ပေးလိုက်မှာဖြစ်ပြီး ၎င်းက ဧည့်သည်တွေအတွက် ယူဆောင်လာပေးမှာဖြစ်ပါတယ်။

နော်လိုစားသောက်ဆိုင်ကို ပြီးခဲ့တဲ့ ၄ လကမှ ဖွင့်ထားတာဖြစ်ပြီး စက်ရုပ်စားပွဲထိုးတွေကြောင့် လာရောက် စားသုံးသူဧည့်သည်တွေကြား ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။

“စက်ရုပ်တွေထွင်ထားတာ တော်တော်မိုက်တယ်။ ဒါတွေကို နီပေါမှာပဲ လုပ်တယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။”လို့ နော်လိုစားသောက်ဆိုင်မှာ လာရောက်သုံးဆောင်တဲ့ နီလမ် ကူးမား ဘီမာလီက ပြောပါတယ်။

၂၀၂၅ ခုနှစ်မှာတော့ လုပ်ငန်းတော်တော်များများမှာ စက်ရုပ်တွေပဲ လုပ်ဆောင်လာကြမယ်လို့ ကမ္ဘာ့ စီးပွားရေးဖိုရမ်က ခန့်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly