သဘာဝကျိန်စာလော ဝဋ်ကျွေးလော

ဆည်တာတမံကြီးတွေ တည်ဆောက်တာနဲ့ပတ်သက်ပြီး ဒီဆည်တာတမံကြီးတွေကြောင့် ရရှိလာတဲ့ လူသားတွေအတွက်အကျိုးအပြစ် ရရှိမှုကိစ္စ ပညာရှင်တွေကြား ငြင်းကြခုန်ကြရတဲ့အခြေအနေဟာ သက္ကရာဇ်၂၀၀၀ လောက်အတွင်းမှာ အမြင့်မားဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တချို့က တရုတ်ပြည်ကြီးက မြစ်ဝါမြစ်ကြီး ကောသွားနေတဲ့အခြေအနေကို ထောက်ပြကြပါတယ်။ တရုတ်ပြည်သူတွေ အာအကိုးရဆုံးမြစ်တွေထဲက အထင်ကရမြစ်ကြီးတစ်စင်းပါ။  ဒီမြစ်ကြီးပေါ်မှာ ၁၉၅၀ ဝန်းကျင်လောက်ကတည်းက ကွန်မြူနစ်အစိုးရက တာတမံကြီးတွေတည်ဆောက်ပြီး ရေအားလျပ်စစ်စီမံကိန်းကြီးတွေအကောင်အထည်ဖေါ်ခဲ့ပါတယ်။ တရုပ်ပြည်ကြီးမှာ နေ့ချင်းညချင်း ကမ္ဘာ့အကြီးမားဆုံး တာတမံကြီးတွေပေါ်ပေါက်လာခဲ့လို့ တရုတ်အစိုးရကော တရုတ်ပြည်သူတွေပါ ဂုဏ်ယူမဆုံးဖြစ်ခဲ့ကြပါတယ်။

နောက် နှစ်ပေါင်းငါးဆယ်ကျော်လာတဲ့အခါမတော့ မြစ်ဝါမြစ်ကြီးကိုအမှီပြုနေထိုင်ကြရတဲ့ မြစ်အကြေဒေသတရုတ်ပြည်သူတွေဟာ နေရာပြောင်းရွှေ့နေထိုင်မှုတွေပြုခဲ့ကြရပြီး မြစ်ကိုတည်မှီပြီး အသက်မွေးဝမ်းကျောင်းမှုပုံစံတွေပါ ပြောင်းပစ်ကြရတဲ့အထိ ဖြစ်ကုန်ကြရပါတယ်။ လူတွေရဲ့နေထိုင်မှုပုံစံပါ ပြောင်းသွားရတဲ့သဘောပါပဲ။ ဒီတော့ကာ ဆည်ကြီးကြီးတည်ဆောက်မယ်လုပ်ချိန်က တာတမံရေဝပ်ဧရိယာနဲ့မလွတ်လို့ဆိုပြီး ကျေးရွာတွေ ထောင်သောင်းချီပြီး ပြောင်းရွှေ့ပေးခဲ့ကြရတဲ့အပြင် လူတွေရဲ့အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွေပါ ပုံစံပြောင်းခဲ့ကြရပါတယ်။

ကျနော်တို့နိုင်ငံမှာ ဆည်တာတမံတွေ နေ့ချင်းညချင်းဆောက်လုပ်ခဲ့ကြရာမှာလည်း မြစ်ဝါမြစ်မှာရင်ဆိုင်ခဲ့ကြရတဲ့အကျိုးအပြစ်မျိုးတွေကို ကြုံတွေ့ကြရတာပါပဲ။ အဆိုးဝါးဆုံးပြဿနာကတော့ ဆည်တာတမံကြီးတွေဟာ တိုင်းပြည်လူထု အထူးသဖြင့် ဒေသခံလူထုကို အကျိုးမပြုတဲ့အပြင် ဒေသခံလူထုရဲ့ဘဝတွေပါ ကတိမ်းကပါးဖြစ်စေခဲ့တာ တွေ့ကြရပါတယ်။ ဥပမာ ဒီဆည်ကြီးတွေကြောင့် ရရှိလာတဲ့ လျပ်စစ်ဓါတ်အားအကျိုးအမြတ်ဟာ ဒေသခံတွေအတွက် လုံးဝဖြစ်မလာစေဘဲ လူတစ်စု ဒါမှမဟုတ် အဖွဲ့အစည်းတချို့ ဒါမှမဟုတ် အာဏာရအစိုးရတွေသာ အကျိုးဖြစ်ထွန်းစေတဲ့သာဓကတွေဟာ ဘယ်သူမှငြင်းလို့မရတဲ့အချက်တွေဖြစ်လာပါတယ်။ ဒီကြားထဲ ဆည်စီမံကိန်းကြီးတွေဟာ လူတွေရဲ့အကျင့်စာရိတ္တကိုပါစိန်ခေါ်ခဲ့ကြပြီး အဂတိလိုက်စားမှုနဲ့ အတ္တအကျိုးစီးပွားရှာမှုတွေလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ဖြစ်တည်လာခဲ့ရပါတယ်။

မုန်းချောင်းကြီးပေါ်မှာ အထင်ကရဆည်တာတမံကြီး နှစ်ခုရှိပါတယ်။ ကြီးအုံကြီးဝတာတမံနဲ့ စေတုတ္တရာမြို့အထက်နားက မုန်းတမံကြီးပါပဲ။ ဒီတမံကြီးနှစ်ခုဟာ လျပ်စစ်ဓါတ်အားထုတ်လုပ်မှုအတွက် ရေအားရရှိဖို့တည်ဆောက်ခဲ့တာချည်းပါပဲ။ ဒါပေမယ့် ဒီဆည်ကြီးတွေတည်ဆောက်လာခဲ့ပြီးတဲ့ ဆယ်နှစ်ကျော် နှစ်နှစ်ဆယ်ကာလအတွင်း ဒေသခံပြည်သူတွေအထူးသဖြင့် ဒေသခံကျေးလက်ပြည်သူတွေဟာ လျပ်စစ်မီးမရရှိခဲ့ကြဘဲ ရွာတွေအတင်းအဓမ္မပြောင်းရွှေ့ခံခဲ့ကြရတာပဲ အဖတ်တင်ခဲ့ပါတယ်။ ယခုအချိန်အထိ မုန်းချောင်းရေအားလျပ်စစ်ထုတ်လုပ်ရေစီမံကိန်းတွေဟာ တိုင်းပြည်က ထင်သာမြင်သာတဲ့မြင်ကွင်းထဲက ပျောက်ကွယ်နေခဲ့ကြဆဲပါပဲ။ ဒီလျပ်စစ်စီမံကိန်းတွေဟာ အခုထက်ထိ လျှို့ဝှက်သဲဖိုဆန်ဆန် ရှိနေရဆဲပါပဲ။

ဘယ်လိုပဲဖြစ်ပါစေ အခုတော့ မုန်းချောင်းရေလျံရေကြီးမှုဟာ ရာသီဥတုဖေါက်ပြန်မှုအပါအဝင် အဲဒီ ဆည်တာတမံကြီးတွေကြောင့်လည်းဖြစ်တယ်လို့ ဒေသခံတွေကတော့ အခိုင်အမာယူဆကြပါတယ်။

ဆည်တာတမံကြီးတွေဆောက်ဖို့လုပ်တဲ့အခါ အဲဒီအချိန်တုန်း တိုင်းပြည်တာဝန်ရှိသူတွေဟာ ဒေသခံလူထုရဲ့ဆန္ဒနဲ့အမြင်ကို လုံးဝထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ပါဘူး။

တောင်ခံညှိနှိုင်းခြင်းလည်းမလုပ်ခဲ့ကြပါဘူး။ ဘယ်နေ့ဘယ်ရက်မှာ အိုးအိမ်တွေရွာလုံးကျွတ် ရွှေ့ပြောင်းဖယ်ရှားပေးကြရမယ်ဆိုတဲ့ တချက်လွှတ်အမိန့်နဲ့ပဲ ကျေးရွာတွေကို ကြက်ကလေးငှက်ကလေးတွေလိုသဘောထားပြီး မောင်းထုတ်ခဲ့ကြပါတယ်။ တခါတလေ လူကြားရင်ရယ်စရာကောင်းလောက်အောင်ဖြစ်ရတဲ့ လျှော်ကြေးမုန့်ဖိုးလောက်ကိုပေးပြီး ဖယ်ရှားခိုင်းတာလည်း ရှိတတ်ပါသေးတယ်။ အများအားဖြင့်တော့ ဒေသခံလူထုဟာ ဘာလျော်ကြေးမှမရရှိဘဲ ကိုယ့်စားရိတ်နဲ့ကိုယ် ပြောင်းရွှေ့ခဲ့ကြရပါတယ်။ ရွာတိုင်းလိုလိုဟာ ပြောင်းရွှေ့ရခက်တဲ့စာသင်ကျောင်းတွေ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘုရားစေတီတွေကို ဒီအတိုင်းထားပစ်ခဲ့ကြရတာချည်းပါပဲ။ ရွာတွေရွှေ့ပြောင်းသွားပြီးတဲ့အခါ အဲဒီစာသင်ကျောင်းတွေ၊ စေတီပုထိုးတွေ ဘုန်းတော်ကြီးကျောင်းတွေဟာ ရေအောက်ရောက်သွားခဲ့ကြရတာချည်းပါပဲ။

ဆည်တွေတည်ဆောက်တဲ့အခါ တစ်ခုနဲ့တစ်ခု ထိကပ်နီးစပ်နေတဲ့ တောင်အနည်းဆုံးနှစ်ခုလောက်ကိုပိတ်ဆို့ပြီး ကြီးမားတဲ့ လူလုပ်ရေလှောင်ကန်ကြီးလုပ်ကြရတဲ့သဘောပါပဲ။ တမံကြီးတည်ဆောက်တဲ့အခါ တောတောင်တစ်ခုလုံးပတ်ဝန်းကျင်တခွင်တပြင် သစ်တောတွေဟာ နေ့ချင်းညချင်း သစ်ပင်တွေဖယ်ရှားခံကြရပြီး ပထမဆုံးခံစားရတဲ့ပြဿနာက တောတွေပြုန်းတီးကုန်တဲ့ပြဿနာပါပဲ။

သစ်ပင်တွေမရှိတော့တဲ့အခါ ရွာချသမျှမိုးရေကို လမ်းကဖြတ်ပြီးစုတ်ယူထိန်းသိမ်းရတဲ့သစ်ပင်တွေမရှိကြတော့လို့ မိုးရေတွေဟာ အရင်တုန်းကလိုမဟုတ်ဘဲ ဒလဟောအရှိန်အဟုန်နဲ့စီးကျလာကြပြီး မုန်းချောင်းရေကြီးတဲ့ဒဏ်ခံကြရတော့တာပါပဲ။ အပူဒဏ် အအေးဒဏ်ကို ထိန်းသိမ်းမျှတ ထိန်းညှိပေးတဲ့ သစ်ပင်သစ်တောတွေမရှိတော့တဲ့အခါ ရာသီဥတုကလည်း နေ့ချင်းညချင်း ကြမ်းတမ်းလာကြရပါတယ်။ ရာသီဥတုဖေါက်ပြန်မှုတွေဖြစ်လာကြရပါတယ်။

ကောင်းပါပြီ။ ဒါကတော့ ဆည်ကြီးတွေတည်ဆောက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်များစွာအနက်က တစ်ခုပါပဲ။ နောက်ထပ်အကျိုးဆက်ကတော့ ဒေသခံကျေးလက်ပြည်သူတွေရဲ့ဘဝအနေအထား ပြောင်းလဲသွားရတဲ့ပြဿနာပါပဲ။

ကဲ ဒီမှာတွင် ဒီကနေ့ ရပ်နားရပါဦးမယ်။ နောက်နေ့တွေမှာ ပွင့်တောက်ရွာကလေး ရင်ဆိုင်ဖြတ်သန်းရတဲ့ ဒုက္ခတွေကိုဆက်ပြီး ပြောပြချင်ပါသေးတယ်။ နောက်နေ့တွေမှာ ဆက်ဆက်ပြန်တွေ့ကြသေးတာပေါ့။ ဒီကနေ့တော့ ဒီလောက်ပါပဲ။

လူငယ်များ ခရီးများများထွက်နိုင်ကြပါစေ။ ပြည်သူတို့ရဲ့ဘဝကို ထိတွေ့လေ့လာနိုင်ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly