သာစည်၊ နိုဝင်ဘာ ၁၅ ။ ။ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ သာစည်မြို့နယ်၊ ................ကျေးရွာတွင် အသက် (၁၃)နှစ်အရွယ် သမီးဖြစ်သူအား ကျူရှင်ဆရာက အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုကာ ဖခင်ဖြစ်သူက သာစည်မြို့မရဲစခန်းသို့ နိုဝင်ဘာလ ၁၄ ရက် နေ့လည် ၃ နာရီခွဲအချိန်တွင် လာရောက် အမှုဖွင့်လှစ် တိုင်တန်းခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် ၂ လ ခန့်မှစတင်၍ တရားလို၏သမီးဖြစ်သူသည် အစာမစားဘဲ အမြဲအိပ်နေခြင်း၊ဗိုက်အောင့်ခြင်းများဖြစ်နေ၍ ဘုရားငါးဆူကျေးရွာနှင့် လှိုင်းတက်ကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် သွားရောက်ပြသခဲ့ကြောင်းသိရသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မိတ္တီလာမြို့ရှိဆေးခန်းတစ်ခုသို့ သမီးဖြစ်သူ ကျန်းမာရေးမကောင်းသဖြင့် ထပ်မံသွားရောက်ဆေးကုသမှုခံယူခဲ့ရာ သမီးဖြစ်သူတွင် ကိုယ်ဝန်(၄)လရှိနေကြောင်း သိရ၍ အကြောင်းစုံမေးမြန်းရာမှ သိရှိခဲ့ရကြောင်း သိရသည်။
မ..............က လွန်ခဲ့သည့် ဇူလိုင်လတွင် ကျူရှင်ဆရာ စိုးသူအောင်ထံ၌ ပညာသင်ကြားနေစဉ် ကျူရှင်ဆရာစိုးသူအောင်က လေး၊ ငါးကြိမ်ခန့် အဓမ္မပြုကျင့်ခဲ့သည်ဟု ပြောပြခဲ့သောကြောင့် ဖခင်ဖြစ်သူက သာစည်မြို့မရဲစခန်းသို့ လာရောက်အမှူ ဖွင့်လှစ် တိုင်တန်းခဲ့ရခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး စိုးသူအောင်(၂၆)နှစ်ကိုပအမှတ် (ပ)၂၄၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆ ဖြင့် သာစည်မြို့မရဲစခန်းမှ အမှုရေးဖွင်င့် ထိန်းသိမ်းထားရှိလျှက်ရှိပြီး အမှုအား သာစည်မြို့မစခန်းမှူး ဒုရဲမှူး ဇော်မျိုးသန်းက စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။