လေးကျွန်းဆီမီးသိမ်တော်ကြီးနှင့် ဗူးဘုရားစေတီ အရှေ့မျက်နှာစာတွင် အထပ်မြင့်အဆောက်အအုံများ ဆောက်ခွင့် မပြုတော့

လေးကျွန်းဆီမီးသိမ်တော်ကြီးနှင့် ဗူးဘုရားစေတီ အရှေ့မျက်နှာစာတွင် အထပ်မြင့်အဆောက်အအုံများ ဆောက်ခွင့် မပြုတော့
Photo: ဒီမိုးသွေး (မြိတ)

မြိတ်၊ နိုဝင်ဘာလ ၁၄။         ။ မြိတ်မြို့၊ လေးကျွန်း ဆီမီးသိပ်တော်ကြီးနှင့် ဗူးဘုရားစေတီတော် ရင်ပြင်ကုန်းတော်၏ အရှေ့မျက်နှာစာတွင် ပေ ၇၀ အထက် မြင့်သော လူနေ/ စီးပွားရေး အဆောက် အအုံများကို ဆောက်ခွင့်ပြုတော့မည် မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရသည်။

မြိတ်မြို့၏ အချက်ချာကျသည့် လေးကျွန်းဆီမီးသိမ်တော်ကြီးနှင့် ဗူးဘုရားစေတီတော်အရှေ့တွင် ယခင်က ပေ ၇၀ မှ ၈၀ အထိ တိုက်တာ အဆောက်အအုံများကို ဆောက်လုပ်ထားလျက် ရှိနေပြီး၊ လက်ရှိတွင်လည်း ပေ ၁၀၀ ကျော် အမြင့်ရှိ ကုန်သွယ်ရေးနှင့် အခြား အဆောက်အအုံများကို ထပ်မံဆောက်လုပ််ရန် လုပ်ငန်းရှင်များ က ကြိုးစားလာရာမှ တားမြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အထပ်မြင့် အဆောက်အအုံတွေကို ဘာဖြစ်လို့ ဆောက်လုပ်ခွင့်ကို တားမြစ်လိုက်တယ် ဆိုတာက ကျွန်တော် တို့ မြိတ်မှာ ပင်လယ်ပြင်အလှရှု့ခင်းကို မျက်နှာမူထားတဲ့ ဘုရားစေတီတော် ၂ ဆူ အရှေ့မှာ ဒီလိုမျိုး အထပ်မြင့်တွေ ထပ်ပြီး ခွင့်ပြုလိုက်ရင် ကျွန်တော်တို့ရဲ့ မြို့ရဲ့ ကျက်သရေ ဘုရား ၂ ဆူဟာ မြင်ကွင်းတွေ လုံးဝ ပျောက်ကွယ်သွားတော့မှာပါ၊ ဒီအတွက်ကြောင့် အချိန်မီ ဆောက်လုပ်ခွင့်ကို တားမြစ်လိုက်တာ ဖြစ်တယ်”ဟု မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောဆိုသည်။

မြိတ်မြို့၊ လေးကျွန်း ဆီမီးသိမ်တော်ကြီးနှင့် ဗူးဘုရားစေတီတော် ၂ ဆူသည်၊ ပင်လယ်ပြင်အား အလှရှု့ခင်းများ ဖြင့် မြင်ကွင်းများဖြင့် တည်ရှိသည်။

အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ခွင့်ဖြင့် ပတ်သက်၍ ကန့်သတ်လိုက်သည့်နေရာများမှာ မြိတ်ကမ်းနား လမ်း တြိဂံအစွန်းမှ အမှတ် ၁ ဘောတံတားအထိရှိ ကွက်သစ်၊ မြစ်ငယ်၊ ထားဝယ်စု၊ ဆိပ်ငယ်နှင့် တလိုင်းစု ရပ်ကွက်များအတွင်း ပေ ၇၀ အထက် ကျော်၍ အထပ်မြင့် အဆောက်အအုံများကို ဆောက်ခွင့်ပြုတော့မည် မဟုတ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးထံမှ သိရသည်။

ယင်းသို့ သတ်မှတ်လိုက်သည့်ဧရိယာအတွင်း အထပ်မြင့် အဆောက်အအုံများကို ဆောက်လုပ်ခွင့်အား တားမြစ်လိုက်ခြင်းမှာ မြိတ်မြို့၏ တန်ခိုးကြီးဘုရားမြင်ကွင်းများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်၍ ပိတ်ပင် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လေးကျွန်းဆီမီးသိမ်တော်ကြီး၏ ရင်ပြင်အထိ အမြင့်ပေ ၁၀၈ ရှိပြီး၊ ယခင် ဆောက်လုပ်ထားသည့် အထပ်မြင့် အဆောက်အအုံများမှာ ပေ ၇၀ မှ ၈၀ ခန့် အဆောက်အအုံအချို့ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly