ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားဘဏ်များဖြင့် လုပ်ဆောင်နိုင်တော့မည်

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားဘဏ်များဖြင့် လုပ်ဆောင်နိုင်တော့မည်
ဗဟိုဘဏ်( ရန်ကုန်) Photo: Mizzima

ပြည်တွင်းလုပ်ငန်းရှင်ကုမ္ပဏီများအနေနဲ့ နိုင်ငံခြားဘဏ်များမှ ဘဏ်လုပ်ငန်းများ လုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်း ဗဟိုဘဏ်မှတာဝန်ရှိသူများက  နိုဝင်ဘာလ ၁၄ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

“ လိုင်စင်စပေးတဲ့အခါ သူတို့ကို ဖောရိန်းကော်ပိုရိတ် နိုင်ငံခြားကုမ္ပဏီတွေကိုပဲ Financing လုပ်ဖို့ ၊ Banking Services တွေပေးဖို့ ကျွန်တော်တို့က ခွင့်ပြုထားခဲ့တာ။ လွန်ခဲ့တဲ့ ၄ ၊ ၅၊ ၆ လက သူတို့ကို ဘာတိုးချဲ့ ခွင့်ပြုလိုက်လဲဆိုရင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေအတွက် Export လုပ်ရင် Export Financing ပေးနိုင်တယ်ဆိုပြီး သူတို့ကို လုပ်ငန်းခွင့်ပြုချက် ထပ်ပေးခဲ့တာ” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။ 

“ ဒုတိယအဆင့်အနေနဲ့က Export ရော Import ရောလုပ်တဲ့ Trade Financing ပါ ပေးမယ်ဆိုပြီး ၊ ဒါ့အပြင် ပြည်တွင်းလုပ်ငန်းတွေက ဒီ့ပြင် လိုအပ်တဲ့ Financing မျိုး ရှိလို့ ပံ့ပိုးနိုင်မယ်ဆိုရင် ပံ့ပိုးနိုင်အောင်ဆိုပြီး ဒီဟာကို ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ခွင့်ပြုချက်အရ နိုင်ငံခြားဘဏ်ခွဲတွေဟာ နဂိုက ခွင့်ပြုခဲ့တဲ့ ဖောရိန်းကော်ပိုရိတ် ကုမ္ပဏီတွေကို Financing ပေးသလို လိုကယ်ကော်ပိုရိတ်( ပြည်တွင်းကုမ္ပဏီများ)တွေကိုလည်း Financing ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြောသည်။ 

ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ ဗဟိုဘဏ်( ရန်ကုန်ဘဏ်ခွဲ) တွင် နိုင်ငံခြားဘဏ်ခွဲများအား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးချဲ့ခွင့်ပြုပေးလိုက်သော  ညွှန်ကြားချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ယနေ့ မနက်ပိုင်းတွင် နိုင်ငံခြားဘဏ်များနှင့် တွွေ့ဆုံခဲ့ပြီး ပြည်တွင်းဘဏ်များနှင့်ပါ ထပ်မံတွေ့ဆုံခဲ့ပြီးနောက် ရှင်းလင်းပြောဆိုခဲ့ကြခြင်းလည်း ဖြစ်သည်။ 

Local ကော်ပိုရိတ်ဆိုသည့် ကုမ္ပဏီများရင်းနှီးမြှုပ်နှံညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ထားသော အဖွဲ့အစည်း များအနေဖြင့် လိုအပ်တဲ့ Financing ကို Local ဘဏ်တွေတင် မကဘဲ နိုင်ငံခြားဘဏ်များမှလည်း ရရှိပါက စီးပွားရေး ပိုမိုလုပ်နိုင်မည့် အခွင့်အလမ်းများ ရလာနိုင်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ဆိုသည့် ရည်ရွယ်ချက်မျိုးဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ယနေ့ ရှင်းလင်းပွဲမှ သိရသည်။

“Financing ၂ မျိုး ပါ ပါတယ်။ နိုင်ငံခြားငွေ US ဒေါ်လာနဲ့ ပေးနိုင်တဲ့ Loan တွေကို ချေးနိုင်တယ်။ ဒုတိယက ကျပ်ငွေနဲ့ ပတ်သက်တဲ့ ချေးငွေတွေကို ချေးနိုင်တယ်။ နောက်တစ်ခုက ဆက်စပ်တဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှု တွေ ပေးနိုင်တယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။ 

အဆိုပါ ခွင့်ပြုချက်သည် နိုင်ငံခြားဘဏ်များကို ပြည်တွင်းလုပ်ငန်းစီးပွားရေးရှင်များနှင့် တွဲဖက်လုပ်ကိုင်ရန် ခွင့်ပြုလိုက်ခြင်း ဖြစ်ကာ လွန်ခဲ့သည့် ၄ နှစ်ခန့်မှ စတင်ကာ နိုင်ငံခြားဘဏ်များကို ဗဟိုဘဏ်မှ ခွင့်ပြုခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly