မိုးရေစက်လက် မျက်ရည်စက်လက် ပွင့်တောက်ရွာကလေး

By ငြိမ်းဝေ(ကဗျာ့အိုးဝေ)
14 November 2018
မိုးရေစက်လက် မျက်ရည်စက်လက် ပွင့်တောက်ရွာကလေး

 

ရွာသားတစ်ဦးပိုင်တောင်ယာတောင်ကုန်းပေါ်မှာ ပွင့်တောက်ရွာကလေး ယာယီရွာနေရာအဖြစ်သတ်မှတ်ပြီး တဲတွေထိုးကြရပါတယ်။

စာသင်ကျောင်းနေရာအခက်အခဲရှိတာမို့ ရွာသားတွေက မန်းကတန်းဆောက်ပေးထားတဲ့ အမိုးရှည်တဲကြီးအောက်မှာ ယာယီမူလတန်းကျောင်းလုပ်ဖို့ ဆရာတော်က ခွင့်ပြုပါတယ်။ ဆရာတော်က စာသင်ကျောင်းနဲ့ ကိုက်သုံးဆယ်ခန့်အကွာလောက်မှာ တဲတစ်လုံးဆောက်ပြီး သီတင်းသုံးရပါတယ်။ ကျောင်းဆရာမလေးနှစ်ယောက်ကတော့ စာသင်ကျောင်းဘေးမှာ အဖီချအခန်းဖွဲ့ပြီးနေကြပြီး  ရွာသားတွေ အလျင်အမြန်ဆောက်ပေးတဲ့ ဆရာမတွေအတွက် အိမ်သာလေးတစ်လုံးလည်း ကျောင်းဘေးမှာ ရှိပါတယ်။ အဲဒီအိမ်သာဟာ လောလောဆယ်မှာ ပွင့်တောက်ရွာရဲ့ တစ်လုံးတည်းသောအိမ်သာပါပဲ။

ကျနော်တို့အဖွဲ့ရောက်သွားတဲ့အချိန်က မိုးလေကင်းစင်စပြုတဲ့အချိန်ဆိုပေမယ့် မိုးကတော့ ခတ်ဖွဲဖွဲတစက်စက် ရွာနေခဲ့ပါသေးတယ်။ ကျနော်တို့တဖွဲ့လုံး ဆရာတော်ဘုရားရဲ့ ယာယီကျောင်းလုပ်တဲ့တဲပေါ် စုပြီးတက်ကြပြီး ရွာကတည်ခင်းဧည့်ခံတဲ့ မုန့်တွေစား ရေနွေးသောက် နားကြပြုကြရပါတယ်။ ရွာရဲ့အခြေအနေကို အကဲခတ်ချင်ပေမယ့် မိုးတဖွဲဖွဲရွာနေသေးလို့ တဲပေါ်မှာပဲ ထိုင်နေရပါသေးတယ်။ ရွာသားတွေကတော့ အဲဒီ မိုးတစက်စက်အောက်မှာပဲ အိမ်တိုင်တွေထူကြ တဲတွေဆောက်ကြ လူတွေခွေးတွေအားလုံး ဟိုမှသည်မှ သွားလာလုပ်ကိုင်နေကြတာတွေ့နေရပါတယ်။

ဆရာတော်ဘုရားက ပွင့်တောက်ရွာ ရေဘေးဒုက္ခတွေကို ပြောပြတဲ့အခါ ကျနော်တို့တဖွဲ့လုံး စိတ်မချမ်းမသာဖြစ်ကြရပါတယ်။ ကျနော်တို့လှူမယ့်ငွေပမာဏဟာ ဘာမှမပြောပလောက်ဘူးဆိုပေမယ့် ဒီိလို ဒုက္ခတွေဝိုင်းဝိုင်းလည်နေတဲ့ ပွင့်တောက်လိုရွာကလေးဆီ ခက်ခက်ခဲခဲလာပြီး လှူရကူညီခွင့်ရလိုက်တာကိုတော့ ကျေနပ်ဂုဏ်ယူမိကြပါတယ်။ ဒါပေမယ့် ပွင့်တောက်ရွာကလေးရဲ့အနာဂတ်ဟာ မှုန်ဝါးလွန်းလှပါတယ်။
အခုဆိုရင် လယ်တွေကိုင်းတွေက ရေတွေဝင်ရေတွေလွှမ်းလို့ အားလုံးပျက်စီးသွားခဲ့ပြီ။ ရေတွင်းရေကန်တွေ အကုန်ပျက်စီးသွားခဲ့ပြီ။ တရွာလုံး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ တောင်ကုန်းပေါ်တက်ပြေးကြရတာဆိုတော့ စားဖို့သောက်ဖို့ဆန်ကအစ တစ်အိမ်နဲ့တစ်အိမ် ဝေမျှစားနေကြရပြီ။ ပိုက်ဆံရှိလို့ ဝယ်ခြမ်းစရာ အနီးအနားစျေးဆိုင်ကလည်းမရှိ။

အနည်းငယ်ကံကောင်းတဲ့အချက်က ဘယ်ကဘယ်လိုရောက်လာတယ်မသိတဲ့ အဖွဲ့အစည်းနှစ်ခုရဲ့ ကူညီမှုနဲ့ တအိမ်ကို ဆန်တစ်ခွဲစီလောက်ရှိလာခဲ့ပြီး မာမားထုပ်၊ ခေါက်ဆွဲထုပ်နဲ့ ဆီဆားတချို့ ရလာစပြုလို့ အသက်ရှူတော့ နည်းနည်းချောင်သေးရဲ့လို့ ဆရာတော်ဘုရားက ရှင်းပြပါတယ်။ ကျနော်တို့ကို တည်ခင်းဧည့်ခံတဲ့ မုန်းခြောက်တွေဟာ အဖွဲ့အစည်းတစ်ခုက လာလှူသွားတဲ့ အဟာရဖြည့်မုန့်ခြောက်ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။

မိုးတိတ်တဲ့အခါ စာသင်ကျောင်းကလေးမှာ တရွာလုံးကိုဖိတ်ပြီး မန္တလေးက ပန်းချီဆရာအဖွဲ့က လှူမယ့်တန််းမယ့်အစီစဉ်ကို ရှင်းပြကြပါတယ်။ လောလောဆယ်မှာ ရွာကလေးရဲ့အကြီးမားဆုံးအခက်အခဲက သောက်ရေပြဿနာပါပဲ။ မကြာခင် ရေသန့်ဗူးတွေ ရောက်လာနိုင်ဖွယ်ရှိပေမယ့် ဒါကလည်းယာယီပဲဖြေရှင်းလို့ရတဲ့နည်းမို့ အတန်ငယ်ဝေးတဲ့ မုန်းချောင်းထဲကတဆင့် ရေစုတ်စက်ကြီးနဲ့ စုတ်ပြီးတောင်ကုန်းပေါ်တင်ကြရမယ့်နည်းကလွဲပြီး တခြားနည်းလမ်းမရှိဖြစ်နေပါတယ်။ တောင်ကုန်းပေါ်မှာ ရေကန်ကြီး သုံးကန်လောက်ဆောက်ပြီး ချောင်းထဲကရေကို သိုလှောင်ကြရမယ်လို့ တိုင်ပင်ကြပါတယ်။ လောလောဆယ် တောင်ကုန်းရဲ့အောက်ဘက်ချောက်ထဲမှာ စမ်းချောင်းကလေးတစ်ခုရှိတယ်ဆိုပေမယ့် ဒါကလည်း နွေကြရင်ခမ်းတယ်လို့ဆိုပါတယ်။ လောလောဆယ်မတော့ အဲဒီချောက်ထဲဆင်းပြီး သောက်သုံးရေပြဿနာ ဖြေရှင်းကြရတယ်လို့ဆိုပါတယ်။ ကျနော်တို့တတွေ တဲပေါ်ထိုင်နေစဉ်မှာပဲ ကလေးတွဲလောင်း ခွေးတွဲလောင်းနဲ့ အမျိုးသမီးတချို့ ရေပုံးကိုယ်စီ ရေအိုးကိုယ်စီနဲ့ ချောက်ထဲကတက်လာနေကြတာ တွေ့ရပါတယ်။

ပွင့်တောက်ရွာ ရာအိမ်မှူးရဲ့ပြောပြချက််အရဆိုရင် ပွင့်တောက်ရွာဟောင်းဟာ လူတွေပြန်နေလို့မရနိုင်လောက်အောင် ပျက်စီးသွားပြီဖြစ်လို့ ရွာနေရာသစ် ရှာနေကြရပြီဖြစ်ပါတယ်။ လောလောဆယ် ယာယီတက်နေကြတဲ့ တောင်ယာကုန်းဟာ ပိုင်ရှင်ကိုပင်ခွင့်မတောင်းနိုင်ခဲ့ဘဲ ရေဘေးကလွတ်အောင်သာ ကမန်းကတန်းပြောင်းရွှေ့နေထိုင်ကြရတာဖြစ်လို့ တောင်ယာပိုင်ရှင်အနေနဲ့ ကြာရှည်မနေစေချင်ဘူးလို့ဆိုပါတယ်။ တောင်ယာပျက်စီးမယ့်အပြင် ဒီတစ်ရာသီ တောင်ယာစိုက်ချိန်မရလောက်တော့ဘူးဖြစ်တော့မှာမို့ တောင်ရာရှင်က ရွာနေရာသစ်ရှာဖွေတဲ့အလုပ်ကို သူပါခေါင်းဆောင်ပြီး စဉ်းစားကြရှာကြရပါတယ်။ ရွာနေရာသစ်ရှာရင် ရေရှိမယ့်နေရာ သွားရေးလာရေးအဆင်ပြေမယ့်နေရာနဲ့ သစ်တောဦးစီးဌာနရဲ့ခွင့်ပြုချက် အစရှိတဲ့ပြဿနာတွေကိုပါ တပါတည်းစဉ်းစားနေကြရတယ်လို့ဆိုပါတယ်။

ရွာဟောင်းက ဘုန်းတော်ကြီးကျောင်းဖျက် ဘုန်းတော်ကြီးကျောင်းပြန်ဆောက်ရမယ့်အလုပ်နဲ့ စာသင်ကျောင်းအမြန်ပြန်ဆောက်ဖို့ကလည်း ရွာကလေးအတွက် ဦးစားပေးအလုပ်ဖြစ်နေပြန်ပါတယ်။ လက်ရှိနေထု်ိင်နေကြရတဲ့ ကုန်းဟာ လောလောဆယ်မှာ ရွာနေရာသစ်အဖြစ်သတ်မှတ်ရင် ပိုင်ရှင်ဆီက ပြန်ပြီးမြေဝယ်ကြရမယ့်ကိစ္စ၊ လမ်းနဲ့ အိမ်ကွက်တွေရိုက်ရမယ့်ကိစ္စ အစရှိတဲ့ ရွာပြန်တည်ရမယ့်တာဝန်ကြီးဟာ ရွာကလေးရဲ့ ဝန်နဲ့အားနဲ့ မမျှလွန်းတဲ့ တာဝန်ကြီးဖြစ်လာမှာကလည်း အသေအချာပါပဲ။ နောင်အခါ နိုင်ငံတော်အစိုးရရဲ့အကူအညီနဲ့ အလှူရှင်များရဲ့အကူအညီဆိုတာကလည်း ပိုင်သေပိုင်မတွက်ထားလို့မရတာမို့ ပွင့်တောက်ရွာလေး ရင်ဆိုင်ကျော်လွှားရမယ့်ကိစ္စဟာ မဟာအခက်အခဲပါပဲဗျာလို့ ရာအိမ်မှူးက ငြိီးတွားရှာပါတယ်။

ဒီကြားထဲ ရေးဘေးဒဏ်ခံရတာချင်းအတူတူပေမယ့် ပွင့်တောက်ရွာဟာ သွားရေးလာရေးခက်ခဲလှတဲ့နေရာမှာရှိပြီး မိုးတွင်းအခါဆိုရင် ရေလမ်းခရီးတစ်ခုပဲ ရှိတယ်လို့သိရပါတယ်။ ပွင့်တောက်ရွာနဲ့ မုန်းချောင်းတစ်ဖက်ကမ်း မျက်စောင်းထိုးမှာ ချီရွာဆိုတဲ့ရွာတစ်ရွာရှိပေမယ့် အဲဒီ ချီရွာကတဆင့် မုံရွာကားလမ်းမကြီးဆီ နွေရာသီသုံးကားလမ်းကိုပဲ အသုံးပြုနေကြရတဲ့ရွာပါပဲ။

သွားရေးလာရေးခက်ခဲတော့ လတ်တလော တနို်င်ငံလုံးက တဖွဲဖွဲရောက်လာနေကြတဲ့ ကူညီကယ်ဆယ်ရေးတွေဟာ စေတုတ္တရာနဲ့ အနီးအနားရွာတွေလောက်အထိပဲ ရောက်အောင်လာနိုင်ကြတာဖြစ်လို့ တခြားဒုက္ခရောက်တဲ့ရွာတွေနဲ့ယှဉ်ရင် ဆယ်ပုံပုံတစ်ပုံတောင် အကူအညီမရပါဘူးလို့ သိရပြန်တော့ ကျနော်တို့မှာ သက်ပြင်းသာချရတော့တာပေါ့။

ကျနော်တို့တတွေ ယာယီဘုန်းကြီးကျောင်းလုပ်ထားတဲ့တဲပေါ်ကဆင်းပြီး ရွာကလေးရဲ့အခြေအနေကိုအကဲခတ်ရင်း လျှောက်သွားဖို့လုပ်တော့ မိုးက တဖွဲဖွဲတစက်စက်ရွာလာပြန်ပါတယ်။ အဲဒီအချိန်မှာ တဲတစ်လုံးဘေး လူဆယ်ယောက်လောက် လှုပ်လှုပ်ရွရွဆူဆူညံညံအသံကြားလို့မေးကြည့်တော့ တဲထဲ မြွေဝင်လာလို့ ၀ိုင်းရှာနေကြတာလို့သိရပါတယ်။ ချက်ချင်းဆိုသလိုပဲ လူတစ်ယောက်က ရိုက်သတ်လို့သေနေတဲ့မြွေတစ်ကောင်ကို တုတ်နဲ့ထိုးပြီး ခတ်ဝေးဝေးကို သွားလွှင့်ပစ်ပါတယ်။

ကဲ ဒီကနေ့လည်း ဒီလောက်နဲ့ ခဏနားခွင့်ပြုစေချင်ပါတယ်။ နောက်တနေ့မှာ ပြန်ဆုံကြသေးတာပေါ့။
လူငယ်များ ခရီးများများထွက်ပြီး ပြည်သူတွေရဲ့ဘဝ ထိတွေ့လေ့လာခွင့် ရနိုင်ကြပါစေ။
 

   

Mizzima Weekly