တောင်ယာပေါ်ကရွာကလေးနဲ့ မြေမြိုသွားသောခြင်္သေ့များ

By ငြိမ်းဝေ(ကဗျာ့အိုးဝေ)
14 November 2018
တောင်ယာပေါ်ကရွာကလေးနဲ့ မြေမြိုသွားသောခြင်္သေ့များ

 

မုန်းချောင်းရဲ့ လက်ကျင်္ာဘက် သစ်ပင်တောအုပ်တွေထဲ မြုပ်ဝင်နေတဲ့ ချီရွာကွေ့ကို ရောက်လာတော့ စက်လှေသမားက “အဲဒါ ပွင့်တောက်ပဲ”လို့ လက်ညှိုးထိုးပြပါတယ်။

သူလက်ညှိုးညွှန်ရာ မုန်းချောင်း ဘယ်ဘက်ကမ်း အထက်ပိုင်းတနေရာကို ခေါင်းတထောင်ထာင်နဲ့ဝိုင်းကြည့်တော့ အစပထမ တောင်ကုန်းတွေကိုပဲမြင်ရပြီး သေသေချာချာကြည့်တဲ့အခါ သစ်ပင်တချို့ကြားမှာ တာလပတ်မိုး တဲတချို့ကို တောင်ကုန်းတစ်ခုပေါ်မှာ ဟိုတစသည်တစ လှမ်းမြင်ကြရပါတယ်။ ကျနော်တို့အားလုံး ခြေလက်ညောင်းချိလောက်အောင် စက်လှေစီးလာခဲ့ရသမျှ မုန်းချောင်းကြီးထဲ ရင်တမမနဲ့ စက်လှေစီးလာခဲ့ရသမျှ အကုန်အစင်ပျောက်ကုန်လုမတတ် ပျော်ရွှင်လန်းဆန်းကုန်ကြရပါတယ်။ စက်လှေပေါ်ပါလာတဲ့သူအားလုံး လက်ကိုင်ဖုန်းကိုယ်စီ ကင်မရာကိုယ်စီ ထရပ်လုမတတ်ပြင်ဆင်ကြပြီး မုန်းချောင်းကြီးဘေး တောင်ကုန်းလေးပေါ်က တဖြေးဖြေးရုပ်လုံးပေါ်လာနေတဲ့ တဲအိမ်ကလေးတွေကို ဓါတ်ပုံရိုက်ကြပါတော့တယ်။

ပွင့်တောက်ရွာကလေးဟာ တောင်ကုန်းထိပ် သစ်ပင်တချို့ကြားကတဆင့် လှမ်းမြင်နေရတာကိုက လွမ်းစရာကောင်းနေပြန်ပါတော့တယ်။ ကျနော့်စိတ်ထဲ “အော် ပွင့်တောက်ရွာသားတွေဟာ ရေကြီးတုန်းက ဒီတောင်ကုန်းပေါ် တက်ပြေးကြရတာကိုး”ဆိုတဲ့ အတွေးနဲ့ ရင်မောနေမိပါတယ်။ နောက်ထပ်နာရီဝက်လောက်ရှိရင် ပွင့်တောက်ရွာကလေးရှိတဲ့တောင်ကုန်းအောက် သောင်ပြင်ကို ကျနော်တို့ရောက်တော့မှာပါ။

သောင်ဆိပ်ကို စက်လှေတွေကပ်တော့ ကမ်းစပ်မှာ လူဆယ်ယောက်ခန့် လာကြိုနေတာကိုတွေ့ကြရပါတယ်။ ပွင့်တောက်ရွာကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီဟေ့ဆိုတဲ့ သတင်းကြောင်း တရွာလုံးလည်းပျော်နေကြတယ်လို့ စက်လှေသမားကပြောပြပါတယ်။ ကျနော်တို့လူသိုက် သောင်ပြင်ကြီးပေါ်ရောက်တော့ ရွာခံတွေက ကျနော်တို့ရဲ့ကြောပိုးအိတ်တွေကို ၀ိုင်းကူပြီးလွယ်ကြထမ်းကြပါတယ်။ သောင်ပြင်ကြီးရဲ့အစပ်မှာ ဘုရားလေးတစ်ဆူနဲ့ အိမ်တချိုု့ကိုလှမ်းမြင်ရပါတယ်။ အဲသလိုမြင်နေရတဲ့အိမ်တွေဟာ ပျက်စီးသွားတဲ့ ပွင့်တောက်ရွာဟောင်း ဖြစ်တယ်လို့လည်း သိလာရပါတယ်။ အခုတော့ ချောက်သွေ့စပြုတဲ့နုံးတွေအောက် အိမ်ပြိုအိမ်ပျက်တွေပဲရှိတော့တယ်လို့ သိလာရပါတယ်။


ရွာစပ်ကိုဝင်မယ်လုပ်တော့ လူသွားလမ်းနဲ့မလှမ်းမကမ်း သစ်ပင်တောတန်းကလေးတခုကိုလှမ်းမြင်ရပါတယ်။ ဘုရားစေတီလေးဟာ ရေကြီးစဉ်က စေတီတစ်ဆူလုံး မြုပ်သွားခဲ့ပြီး ရေပြန်ကျတဲ့အခါ ခါးလောက်မရှိတရှိမြင့်တဲ့ စေတီရင်ပြင်ဟာ နုံးတွေဖုန်းသွားခဲ့ပြီး စေတီလေးရဲ့လေးဘက်လေးတန် ခြံရံနေတဲ့ ခြင်္သေ့ရုပ်လေးကောင်ဟာ နုံးတွေမြုပ်ကုန်ရတယ်လို့ဆိုပါတယ်။ အခုတော့ ရွာသားတချို့က  မြုပ်နေတဲ့ခြသေ့င်္တွေကို အနည်းငယ်စီ ကြည့်ကောင်းအောင် ပြန်ဖေါ်ထားကြရတယ်သိရပါတယ်။ ရွာသားတွေက ပွင့်တောက်ရွာဟောင်းအကြောင်း လမ်းလျှောက်လာရင်း ပြောပြလာတာကိုနားထောင်ရင်းက ကျနော်တို့အထဲက တစ်ယောက်က “ခြင်္သေ့တွေမြေမြိုကုန်တဲ့သဘောပေါ့နော်” လို့ပြောလိုက်တော့ ကျနော်တို့လူသိုက်အားလုံး တဟေးဟေးနဲ့ အားရဝမ်းသာ ၀ိုင်းဝန်းရယ်မောလိုက်မိကြပါတယ်။ ပြောလည်းပြောလို့ရမယ့်သဘောပါပဲ။ ကျနော်တို့က ရွာဆီဆက်မသွားသေးဘဲ ရေအောက်ကပြန်ပေါ်လာရတယ်ဆိုတဲ့ စေတီလေးဆီအပြေးလေးသွားပြီး ဓါတ်ပုံဝိုင်းရိုက်ကြတော့ ကိုယ်တပိုင်းစီမြေကြီးထဲမြုပ်နေကြတဲ့ ခြင်္သေ့ရုပ်တွေကို တအ့ံတသြ တွေ့ကြရတော့တာပါပဲ။ ကျနော်တို့အထဲကလူတစ်ယောက်က “ခြသေ့င်္တွေမြေမြိုတယ်ဆိုတာ တကယ်ဟုတ်တာပဲကိုး” လို့ပြောတော့ ကျန်တဲ့သူတွေအားလုံးက တပြုံးပြုံးနဲ့ နားထောင်ကြရပါတယ်။

ပွင့်တောက်ရွာဟောင်းကိုဖြတ်ပြီ ယာယီရွာသစ်တည်ထားတဲ့ တောင်ကုန်းဆီအသွား လဲပြိုနေတဲ့အိုးအိမ်တွေ၊ ဒူးဆစ်သာသာအမြင့်နုံးတွေထဲက ခြံစည်းရိုးတွေကို တွေ့ကြရပါတယ်။ တချို့အိမ်ဝိုင်းတွေထဲမှာ ဘီးတဝက်ကျော်နုံးနစ်နေတဲ့ လှည်းတွေ၊ အဝီဇိတွင်းတွေကိုလည်း တွေ့ခဲ့ကြရပါတယ်။ ရွာဦးဘုန်းတော်ကြီးကျောင်းလည်းပဲ နုံးတွေ အမှိုက်တွေ ဒိုက်တွေကြားရောက်နေတာ တွေ့ခဲ့ကြရပါတယ်။ ကျောင်းတိုင်တချို့နဲ့ ပြန်သုံးလို့ရမယ့်အရာတချို့ကိုတော့ ရွာသစ်အတည်တကျပြန်ဖြစ်တဲ့အခါ ဖျက်ပြီးပြန်သုံးလို့ရပါတယ်လို့လည်း ရွာသားတွေကပြောပြပါတယ်။

ကျနော်တို့လူသိုက်က ရွာထဲအဝင်တုန်းက တစုတစည်းတည်းဖြစ်ပေမယ့် အဆင်ပြေသလိုလမ်းရွေးသွားကြတာနဲ့ အပြိုအပျက်တွေကို တအ့ံတသြကြည့်ရင်း သွားနေကြတာမို့ လူအုပ်ကွဲသွားရပါတယ်။ ကျနော်လည်းပဲ တစ်ယောက်တည်းကင်မရာလေးလွယ်ပြီး ရွာလည်က မခြောက်သေးတဲ့ရွှ့ံတွေနုံးတွေကို ခက်ခက်ခဲဖြတ်ကျော်ပြီး တောင်ကုန်းရှိရာဘက်ထွက်ရပါတယ်။ လမ်းချိုးတစ်ခုအရောက်မှာ ကျနော့်ရှေ့မှာ လူတစ်ယောက်ဘွားကနဲပေါ်လာခဲ့ပါတယ်။ ရုတ်တရက်ဖြစ်တာမို့ ကျနော့်မှာ လန့်သွားရပါတယ်။ ဖြစ်ချင်တော့ ဘွားကနဲရှေ့ကပေါ်လာတဲ့ အသက် ငါးဆယ်ခြောက်ဆယ်ခန့်ရှိမယ်ထင်ရတဲ့ အမျိုးသမီးကြီးက မျက်နှာပြင်တစ်ခုလုံး ပါးရဲ( ပမည်း)ထိုးထားတာဆိုတော့ ကျနော့်မှာ ရုတ်တရက်လန့်သွားရတာပါ။

ကျနော်လည်း ချက်ချင်းဆိုသလို တောင်းပန်စကားပြောပြီး ပိုက်ဆံငါးထောင် ကမန်းမတန်းထုတ် လေးလိပ်ကွမ်းယာဘိုးကန်တော့တဲ့သဘောပေးပြီး ဓါတ်ပုံရိုက်ခွင့်တောင်းရပါတယ်။ နောက်ကြမှာ သိရတာက ကျနော်နဲ့ လမ်းချိုးကလေးမှာ ဘွားကနဲ့တွေ့ရတဲ့ အမျိုးသမီးကြီးဟာ ပွင့်တောက်မှာ တစ်ဦးတည်းသော ပါးမဲထိုးသူအမျိုးသမီးဖြစ်တယ်ဆိုတာ သိလာရပါတယ်။( ယခုတော့ ကျနော် ကံအားလျော်စွာ ဓါတ်ပုံရိုက်ယူနိုင်ခဲ့တဲ့ ပါးမည်းထိုးထားတဲ့အမျိုးသမီးကြီးဟာ ဒီနှစ် နှစ်ဦးမှာပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ) ပွင့်တောက်ရွာဟာ တကယ်တော့ မြေပြန့်ချင်းလူမျိုး အများစုနေထိုင်တဲ့ ချင်းရွာတစ်ရွာပါပဲ။ ယခင်တုန်းက တရွာလုံး အမျိုးသမီးဟူသမျှ ပါးမည်းထိုးကြပေမယ့် တဖြေးဖြေး ပါးမည်းထိုးတဲ့ယဉ်ကျေးမှု တိမ်ကောသွားလို့ ကျနော် ကံအားလျော်စွာဓါတ်ပုံရိုက်နိုင်ခဲ့တဲ့ အမျိုးသမီးကြီးဟာ ဒီရွာရဲ့ နောက်ဆုံးလက်ကျန် တစ်ဦးတည်းသော ပါးမည်းထိုးထားတဲ့ အမျိုးသမီးကြီးလည်း ဖြစ်ပါတယ်။

ရွာအပြင်ဘက်အစပ်ကိုရောက်တော့ လှမ်းမြင်ရတဲ့ ရွာနဲ့မလှမ်းမကမ်းတောင်ကုန်းခါးလည်လောက်မှာ ကျနော်တို့လူသိုက် လှမ်းမြင်ရပါတယ်။ တောင်ကုန်းဆိုပေမယ့် ဆယ်မိနစ်လောက်တက်ယူရတဲ့တောင်ကုန်းဖြစ်တာမို့ နေကလည်းပူ ခရီးကပမ်းလို့ နားနားပြီးမှပဲ တက်ရပါတယ်။

တောကုန်းပေါ်ရောက်တော့ ယာယီဆောက်လုပ်ဆဲ တဲအိမ်တွေကို ပစ္စည်းတွေထိုးထိုးထောင်ထောင်နဲ့ ကုန်းကလေးအနှံ့တွေ့ရပါတော့တယ်။ လူတချို့ကလည်း ကျနော်တို့ကို မလှမ်းမကမ်းကနေပြီး ကလေးတွဲလွဲ ခွေးတွဲလွဲနဲ့ လှမ်းကြည့်နေကြပါတယ်။ တဲအများစုက တာရပတ်စတွေမိုးထားကာထားတာကို တွေ့လို့မေးကြည့်တော့ ရေကျပြီးနောက်တနေ့မှာပဲ စက်လှေနှစ်စီးရောက်လာပြီး မိုးကာတာရပတ်စတွွေလှူဒါန်းသွားခဲ့တာလို့သိရပါတယ်။ အိမ်စေ့မလောက်လို့ မဲဖေါက်ပြီး ကူညီသွားခဲ့တာလို့ သိရပါတယ်။
ကဲ ဒီနေရာမှာပဲ ပွင့်တောက်ရွာခရီး ခဏရပ်ထားရပါအုန်းမယ်။ နောက်နေ့တွေမှာ ဆက်ပြောပါအုန်းမယ်။

လူငယ်များ ခရီးထွက်နိုင်ကြပါစေ။ ဒေသန္တရဗဟုသုတကြွယ်ဝပြီး မိမိတို့ပြည်သူများရဲ့ဘဝအထွေထွေကို ထိတွေ့နိုင်ကြပါစေ။

 

 

Mizzima Weekly