မုန်တိုင်း "ဂါဂျာ" ကြောင့် ဒေသအချို့တွင် မိုးထစ်ချုန်း ဆက်ရွာနိုင်

မုန်တိုင်း "ဂါဂျာ" ကြောင့် ဒေသအချို့တွင် မိုးထစ်ချုန်း ဆက်ရွာနိုင်

နိုဝင်ဘာ ၁၃ ။      ။ အိန္ဒိယသို့ ဗဟိုပြုနေသော ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ"(Gaja)သည် ပိုမိုအားကောင်းလာသောကြောင့် ယနေ့ နိုဝင်ဘာလ ၁၃ ရက်ညမှ နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံ ဒေသအချို့တွင်  နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သည်။

ယနေ့ ညနေပိုင်း အချိန်တွင်လည်း ရန်ကုန်တိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။

ယနေ့ မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ" (Gaja)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့ဘက် မိုင်(၃၆၀)ခန့်နှင့်နာဂါ ပတ္တနမ်မြို့ (Nagapattinam)၏ အရှေ့-အရှေ့မြောက်ဘက် (၄၁၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

၎င်းသည် ၂၄ နာရီအတွင်း အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း"ဂါဂျာ"(Gaja)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရသည်။ 

လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီး နိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags