နေပြည်တော်ကုတင်တစ်ထောင်ဆေးရုံကြီးကို အခြားနေရာများထက် ကျော်လွန်အောင် အဆင့်မြှင့်မည်

နေပြည်တော်ကုတင်တစ်ထောင်ဆေးရုံကြီးကို အခြားနေရာများထက် ကျော်လွန်အောင် အဆင့်မြှင့်မည်

နေပြည်တော်၊ နိုဝင်ဘာ ၁၃ ။             ။ နေပြည်တော်ရှိ ကုတင်တစ်ထောင် အထွေထွေ ရောဂါကုဆေးရုံကြီးကို ရန်ကုန်နှင့် မန္တလေးရှိ ဆေးရုံကြီးများထက် အဆင့်ကျော်လွန်အောင် မြှင့်တင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“အကုန်လုံးဝန်ထမ်းကအစ  ဘာခေါ်မလဲ၊ ဆရာဝန်တွေကအစ တော်တဲ့ ဆရာဝန်တွေပဲ အကုန်လွှတ်မယ်။ ပစ္စည်း ကိရိယာကလည်း အကုန်ဝယ်တယ်။ ဘာလို့ဆို ဒီမှာကသိတဲ့ အတိုင်း နေပြည်တော်မှာ လူကြီးတွေ ရှိ်တယ်လေ။ အခု အစိုးရလူကြီးတွေ ရှိတယ်။အရင်အစိုးရလူကြီးတွေရှိတယ်။ အပြည်ပြည်ဆိုင်ရာကလည်း ဒီမှာနေတဲ့အခါကျတော့ လူကြီးတွေဆိုတော့ များသောအားဖြင့် နှလုံးတို့ ၊ ကျောက်ကပ်တို့၊ ဦးနှောက်တို့ ရောဂါ ဖြစ်ရင် ဒါကို ကျွန်တေ်ာတို့ အထူးလုပ်နေတယ်။ သေချာလုပ်နေတယ်”ဟု ၄င်းကပြောကြားသည်။

ဆေးရုံးဝန်းအတွင်းတွင် စျေးသက်သာဆုံးဖြစ်သည့် စားသောက်ဆိုင်များနှင့် ဆေးဆိုင်များကိုပါ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ရှိတွင် ညနက်ပိုင်း အရေးပေါ်ဆေးလိုသည့်အချိန်များတွင် ဆေးရုံတွင်း ဆေးဆိုင်မရှိသည့်အတွက် သပြေကုန်းစျေးရှိ ဆေးဆိုင်များသို့ သွားရောက်ဝယ်ယူနေကြရသည်။

“ဆေးဆိုင်ထားခြင်းအားဖြင့် စစ်မှန်တဲ့ဆေးကိုရတာ။ အဲဒီတော့ ဆေးရုံက တိုက်ရိုက်ဆေးကုမ္ပဏီနဲ့ လုပ်မယ်လေ။ သူတို့ဆီက ဆေးယူမယ်ဆိုရင် ၁၀ ရာခိုင်နှုန်း အမြတ်ယူတယ်၊ ကျွန်တေ်ာတို့က အများကြီး မယူဘူး။ ဒါက အမြတ်တွက်လို့တောင်မဟုတ်ဘူး။ လူနာတွေ ဥပမာ ညသန်းခေါင်ယံ ဆေးမရှိဘူး ဆိုရင် သွားဝယ်ရင်  ဘယ်လိုလုပ်သွားဝယ်မလဲ မြို့မစျေးပိတ်မယ်။ ဒီမှာ အသာလေးဝယ်လိုက်ရုံပဲ  အဲဒါ လုပ်နေတယ်”ဟု ၄င်းကပြောကြားသည်။

ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့က နေပြည်တော်ရှိ ကုတင်တစ်ထောင် ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည့် ဆီးချိုရောဂါ ပညာပေးကုသဌာနနှင့် အထူးကုပြင်ပလူနာဌာန(၂) အဆောင် ဖွင့်လှစ်သည့် အခမ်းအနားအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ဒေါက်တာမြင့်ထွေးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အလားတူ လူနာများ နားနေရန်အတွက်  သံမံတလင်းခင်း၊ သွပ်မိုးနှင့် ခါးလည်ခန့်ရှိ အကာပါသော  ဟောခန်းတစ်ခုကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကာ အဆိုပါ အဆောင်အတွင်း တွင် ကျန်းမာရေးအတွက် ပညာပေး ဇာတ်လမ်းများပြသ သွားမည်ဖြစ်ပြီး၊ ဆရာဝန်၊ ဆရာမများမှ ကျန်းမာရေး ပညာပေးဟောပြောခြင်းများကို လုပ်ဆောင်နိုင်ဖို့ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ကုတင်တစ်ထောင် ဆေးရုံအုပ် ဒေါက်တာပပ က ဆိုသည်။

“တကယ်လို့ဆောက်မယ်ဆိုရင်တော့ တစ်ခုပဲ တင်ထားပါသေးတယ်။ တစ်ခုရဲ့ ဆောက်လုပ်ပြီးတော့ ရရှိတဲ့ အကျိုးကျေးဇူး ရရှိတဲ့ Outcome ပေါ့ ။ အားနည်းချက်၊ အားသာချက်တွေအပေါ်မှာ မူတည်ပြီးတော့ အားသာချက်တွေ များတယ်ဆိုရင်တော့ အစ်မတို့က ဆက်လက်ပြီးတော့ဆောက်မှာဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။

လက်ရှိိတွင် အဆိုပါ အဆောက်အဦကို စမ်းသပ်ဆောက်လုပ်သွားမည်ဖြစ်ကာ  ခေတ္တခဏ နားနေခွင့်သာရှိပြီး၊ ညအိပ်ညနေ ပြုလုပ်ခြင်းမျိုးရှိပါက ပြန်လည်ဖျက်သိမ်းသွားမည်ဖြစ်ကာ စည်းကမ်းလို်က်နာမှု ရှိပါက အဆောက်အဦ ၃ လုံးခန့် ဆက်လက် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာပပက ဆက်ပြောသည်။

လက်ရှိတွင် နေပြည်တော်ကုတင် တစ်ထောင်ပြည်သူ့ဆေးရုံကြီးသို့ နေ့စဉ်နှင့်အမျှ အနယ်နယ်အရပ်မှ လူနာများ လာရောက်ကုသလျှက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required