“မီ”ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သော စီးကရက်သောက်သည့် ဇာတ်ဝင်ခန်းကို ကျန်းမာရေးဝန်ကြီးဌာနက ကန့်ကွက်ခြင်းမရှိဟု ဆို

“မီ”ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သော စီးကရက်သောက်သည့် ဇာတ်ဝင်ခန်းကို ကျန်းမာရေးဝန်ကြီးဌာနက ကန့်ကွက်ခြင်းမရှိဟု ဆို

ရန်ကုန်မြို့၊နိုဝင်ဘာ၁၃ ။           ။ ကျန်းမာရေး သံတမန်အဖြစ်ခန့်အပ်ခံထားရသော သရုပ်ဆောင်  ပိုင်ဖြိုးသု ပါဝင်သရုပ်ဆောင်ခဲ့သည့် မီရုပ်ရှင် ဇာတ်ကားတွင် စီးကရက်သောက်သည့် ဇာတ်ဝင်ခန်းများပါရှိမှုနှင့် ပတ်သက်ပြီး ကန့်ကွက်မှု မရှိဘူးကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောသည်။

"ကျွန်တော်တို့ ခန့်ထားတဲ့ သံတမန်က ဆရာဝန်ပဲ၊ ဒီဝတ္တုကိုရေးတာလဲ ဆရာဝန်ပဲ။ ဆရာဝန်တွေက ဘယ် တော့မှ ဆေးလိပ်သောက်တာ ကောင်းတယ်လို့ မရေးဘူး။ပြီးတော့ ဇာတ်ကားရဲ့ အစမှာ ဆေးလိပ်သောက်တာ က ဘယ်လောက်ထိ ဆိုးရွားထိခိုက်စေလဲ ဆိုပြီး ပညာပေး ဗီဒီယိုပြထားပါတယ်။ ဒါက ကျင့်ဝတ်ကို လိုက်နာ တာပါ။ နောက်တစ်ခုက ဒီဇာတ်ကားကို ကြည့်ပြီး လူငယ်လူရွယ်တွေက ဆေးလိပ်ကို ပိုသောက်လာမယ်လို့ ထင်သလားပေါ့။ မဟုတ်ဘူးဗျ၊ ဒီဇာတ်ကားကိုကြည့်ပြီး ပြန်ထွက်တဲ့အခါ ဆေးလိပ်တောင် ပြတ်သွားနိုင်တယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောသည်။

ယင်းဇာတ်ကားတွင် ပါဝင်သည့် စီးကရက်သောက်သော ဇာတ်ဝင်ခန်းများကို ကန့်ကွက်မှုများရှိနေကြောင်း  သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး မီဒီယာတွေ့ဆုံမှုတစ်ရပ်ကို နိုဝင်ဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ တိုင်းကျန်းမာရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ပြီး ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသူသည် ယင်းရုပ်ရှင်ကားကို ၂၀၁ရခုနှစ်က ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ဇူလိုင်လ တွင် ကျန်းမာရေး သံတမန်အဖြစ်ကို ခန့်အပ်ခြင်းခံခဲ့ရခြင်း ဖြစ်သည်။

မီရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းများတွင် ပါဝင်သော စီးကရက်သောက်အခန်းများကို ဆင်ဆာ ဘုတ်အဖွဲ့ အနေဖြင့် ဖြတ်တောက်ခြင်းမရှိသော်လည်း မြန်မာအမျိုးသမီးတစ်ဦးအနေဖြင့်  အရက်သောက်သည့်  အခန်း များကိုမူ ဖြတ်တောက်ခဲ့ကြောင်း အဆိုပါရှင်းလင်းပွဲမှ သိရသည်။

 "  ကျွန်တော်တို့ မီ ကားမှာ ဆင်ဆာဖြတ်တောက်ထားတာရှိပါတယ်။ ဆေးလိပ်သောက်တာကို လုံးဝမဖြတ် ပါဘူး။ ဆေးလိပ်မသောက်ရဆိုတဲ့  sign ပြထားတဲ့အတွက် လွတ်ပါတယ်။ ဖြတ်တာက ဘာဖြတ်လဲ ဆိုရင် မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ အရက်သောက်တဲ့ အခန်းကို ဖြတ်ထားပါတယ်။ သူရိုက်ထားတာက ခွက်ထဲထည့် ပါးစပ်ထဲ မော့သောက်လိုက်တဲ့အထိ ရိုက်ထားပါတယ်။ ကျွန်တော်တို့က ပါးစပ်နားရောက်တဲ့ အထိ ခွင့်ပြုထားပြီးတော့ သောက်တဲ့အထိတော့ ခွင့်မပြုပါဘူး၊ ဒါကြောင့် မီမှာ ကြည့်မယ်ဆိုရင် ဆင်ဆာပါ ပါတယ်။ " ဟု ဆင်ဆာဘုတ်အဖွဲ့ဝင် ဦးဝင်းငြိမ်းက ပြောသည်။

၄င်းရုပ်ရှင်ဇာတ်ကားသည် စာရေးဆရာမကြီး ကြည်အေး၏  "မီ" ဝတ္တုကို ပြန်လည်ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်သည့်အတွက် ဇာတ်ကောင်၏ စရိုက်အရကို ပီပြင်ရန် သရုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ခေါင်းဆောင် မင်းသမီး  ပိုင်ဖြိုးသုက မီဒီယာများကို ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required