အိန္ဒိယ-မြန်မာ ဆက်ဆံရေး နှစ် ၇၀ ပြည့်အဖြစ် နယူးဒေလီမှာ ‘မြန်မာနေ့’ ကျင်းပ

အိန္ဒိယ-မြန်မာ ဆက်ဆံရေး နှစ် ၇၀ ပြည့်အဖြစ် နယူးဒေလီမှာ ‘မြန်မာနေ့’ ကျင်းပ

အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အခမ်းအနားအဖြစ် နယူးဒေလီက မြန်မာသံရုံးမှာ အထိမ်းအမှတ်ပွဲတွေကို ကျင်းပပြုလုပ်ပါတယ်။ ဒီလို ကျင်းပရာမှာ ပျော်ပွဲရွှင်ပွဲတွေ၊ ယဉ်ကျေးမှု ပြပွဲတွေ၊ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ နှစ်နိုင်ငံ စီးပွားရေးအခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုမှုတွေ ပါဝင်ပါတယ်။

နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက် နှစ်ရက်တာ ကျင်းပတဲ့ ဒီအထိမ်းအမှတ်ပွဲမှာ တက်ရောက်သူတွေအဖြစ် အိန္ဒိယနိုင်ငံက ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး H.E.Mr. Siri C R Chaudhry နဲ့ အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဂုဏ်သရေရှိလူကြီးများနဲ့ မြန်မာဖက်က ကုန်သွယ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ခရီးသွားလာရေးလုပ်ငန်းတို့မှ ဂုဏ်သရေရှိလူကြီးတွေ တက်ရောက်ခဲ့ပါတယ်။ ဒီလို တက်ရောက်လာကြရာမှာ ဒီကနေ့ နံနက်ပိုင်းမှာ တိမ်းပါးကွယ်လွန်တဲ့ အိန္ဒိယလွှတ်တော်ရေးရာဝန်ကြီး H.E.Mr. Ananth Kumar ကို ဂုဏ်ပြုအောက်မေ့ဖွယ်အဖြစ် နှစ်မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။

“ဒီအထိမ်းအမှတ်ပွဲကို ပြုလုပ်ရတာဟာ အိန္ဒိယပြည်သူတွေ မြန်မာနဲ့ ပိုပြီး ရင်းနှီးခင်မင်မှု ဖော်ဆောင်ဖို့ ရည်ရွယ်ပါတယ်။ ပြပွဲတွေအပြင် ပူးပေါင်းစာတမ်းဖတ်တွေနဲ့အတူ နှစ်နိုင်ငံကြားက အပြန်အလှန်ဆက်ဆံရေးကို တိုးမြှင့်သွားဖို့လည်း ရည်ရွယ်ပါတယ်။ အထူးသဖြင့်တော့ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနဲ့ ယဉ်ကျေးမှုဆက်ဆံရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပါတယ်။”လို့ နယူးဒေလီရှိ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က ပြောပါတယ်။

သမိုင်းတွင် ရင်းနှီးမိတ်ဖက်အဖြစ်ကို အခမ်းအနား ကျင်းပရာမှာ သံရုံးရဲ့ ‘မြန်မာနေ့’အစီအစဉ် ပါဝင်ပြီး ကမ္ဘာကျော် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၊ မြန်မာလက်မှုပစ္စည်းများ၊ ထုတ်ကုန်နဲ့ တင်ပို့ကုန်များအပြင် မြန်မာအစားအစာများနဲ့ မြန်မာမှု အနုပညာဖျော်ဖြေပွဲတွေပါ ပါဝင်ထည့်သွင်း ကျင်းပတာ ဖြစ်ပါတယ်။

“ကျွန်တော်တို႔အနေနဲ့ မြန်မာ-အိန္ဒိယဆက်ဆံရေးဟာ ဘက်ပေါင်းစုံမှာ ကောင်းမွန်တဲ့ အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်တာကို မျက်မြင်ကြုံတွေ့နေရခြင်းအတွက် အရမ်းကို စိတ်ကျေနပ်ပျော်ရွှင်မိပါတယ်။”လို့ အိန္ဒိယဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က ပြောခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly