အလုံမြို့နယ်ရှိ အနုကြမ်းစီးခဲ့မှုတွင် ပါဝင်ခဲ့သူ ၅ ဦးကို ကျပ် ၅ သိန်းစီဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်

အလုံမြို့နယ်ရှိ အနုကြမ်းစီးခဲ့မှုတွင် ပါဝင်ခဲ့သူ ၅ ဦးကို ကျပ် ၅ သိန်းစီဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်
အနုကြမ်းစီးမှုတွင် ဖမ်းဆီးထားသူ ၅ ဦးအား ရဲအချုပ်ကားဖြင့်နိုဝင်ဘာလ ၁၃ ရက်နေ့၌ ရမန်လာယူစဉ်။  ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ နိုဝင်ဘာလ ၁၃ ။         ။ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီအား အနုကြမ်းစီးခဲ့မှုတွင် အဓိက ခိုင်းစေခဲ့သူမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၄ ရပ်ကွက်တွင်နေသူ မျိုးမြင့်အောင်(ခ) အရှည်ကြီး ဆိုသူဖြစ်ပြီး အနကြမ်းစီးမှုတွင် ပါဝင်သူ ၅ ဦးအား ကျပ် ၅ သိန်းစီဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

အခင်းဖြစ်သည့် ကုမ္ပဏီခြံဝန်းအတွင်းမှ ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့သော ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့ နယ်၊ အမှတ် ၁၃၃ ရပ်ကွက်တွင် နေထိုင်သူများဖြစ်သည့် သူရ(ခ) စောသူရနှင့်  စိုးကျော်ကျော်ဆိုသူတို့ နှစ်ဦး ထွက်ဆို ချက်များအရ မျိုးမြင့်အောင်က ၎င်းတို့အား တစ်ဦးလျှင် ကျပ် ၅ သိန်းစီပေးမည်ဆိုကာ ခေါ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ဖမ်းဆီးခံရသူ စိုးကျော်ကျော်ဆိုသူက ၎င်းတို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့ နယ်၊ အမှတ် ၁၃၃ ရပ်ကွက်ရှိ လက် ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေစဉ် မျိုးမြင့်အောင် လွှတ်လိုက်သည့် လှဝင်းနှင့် တွေ့ဆုံခဲ့ကာ ဒေါ်လာ အတက်အကျပြုလုပ်နေသည့် လူတစ်ဦးထံမှ အကြွေးသွားတောင်းသည့်အခါ ဝန်းရံပေးရန်ပြောဆိုခဲ့ပြီး လူ ၅ ဦးခေါ်ပေးရန်နှင့် တစ်ဦးလျှင် ကျပ် ၅ သိန်းစီပေးမည်ဟု လှဝင်းက ပြောဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လှဝင်းက နိုဝင်ဘာလ ၁၂ ရက်နေ့၊ ညနေ ၄ နာရီခွဲခန့်အချိန်တွင် ဗဟိုအမျိုးသမီးဆေးရုံရှေ့သို့ အရောက်လာ ရန် ချိန်းဆိုခဲ့ပြီး စိုးကျော်ကျော်လွင်မှ သူရ၊ ကရင်နှင့် သန်လျင်မြို့နယ်နေ စောသန်းဦး၊ စွမ်းဆောင်ဦးတို့အား အငှားယာဉ်ဖြင့် ချိန်းဆိုခဲ့သည့်နေရာသို့  ခေါ်ဆောင်သွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ခဏအကြာတွင် လှဝင်းနှင့် မျိုးမြင့်အောင်တို့အဖွဲ့မှ လိုက်ထရပ်အဖြူရောင်ယာဉ်ဖြင့် ရောက်ရှိလာပြီး ချိန်းဆို သည့် နေရာတွင် အသင့်စောင့်နေသည့် စိုးကျော်ကျော်လွင်တို့က ထိုကားပေါ်သို့ တက်ခဲ့ပြီး   အကြွေးတောင်း မည့် အခင်းဖြစ်ပွားခဲ့ရာ ကုမ္ပဏီခြံဝန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

၎င်းတို့ ဝင်ရောက်သွားသည့်အချိန်၌ ကုမ္ပဏီရုံးခန်းအတွင်း လူငယ် ၃ ဦးကိုတွေ့ရှိရပြီး CCTV အထိုင်စက်နှင့် ကင်မရာတို့အား မျိုးမြင့်အောင်တို့အဖွဲ့မှ ဖြုတ်ယူသွားခဲ့ပြီး အမည်မသိလူတစ်ဦးကိုလည်း ကားများဖြင့် ခေါ်ဆောင်သွားကြောင်း၊ ၎င်းနှင့် သူရ တို့မှာ ကျန်ရစ်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း  စိုးကျော်ကျော်က ရဲတပ်ဖွဲ့ထံတွင်ထွက်ဆိုထားသည်။

အဆိုပါ အခင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ ညတွင်းချင်း ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ပြစ်မှုကျူးလွန်ရာ၌ ပါဝင်ခဲ့သူ စိုးကျော်ကျော်နှင့် သူရ အပါအဝင် ဇော်ထူး၊ စောသန်းဦး၊ ထွန်းထွန်းဆိုသူတို့ ၅ ဦးကို ဖမ်းဆီးရမိထားကာ ရဲတပ်ဖွဲ့မှ ၎င်းတို့ကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အလုံမြို့နယ် တရားရုံး၌ ချုပ်ရက် ရမန်ယူခဲ့သည်။

အဓိကစေခိုင်းသူဟုဆိုသူ မျိုးမြင့်အောင်(ခ) အရှည်ကြီး၊  လှဝင်းနှင့်  စွမ်းဆောင်ဦးတို့ ၃ ဦးမှာ လက်ရှိချိန်အထိ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းတို့အား ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှသိရသည်။

ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required