မန္တလေး လေယာဉ်ကွင်းဟောင်းဘေးရှိ ကျုးကျော်အိမ် ၁၂၀ ခန့်ကို မန်းစည်ပင် ဖယ်ရှား

By ဘိုဘို (မဇ္စျိမ)
13 November 2018
မန္တလေး လေယာဉ်ကွင်းဟောင်းဘေးရှိ ကျုးကျော်အိမ် ၁၂၀ ခန့်ကို မန်းစည်ပင် ဖယ်ရှား

မန္တလေး၊နိုဝင်ဘာ ၁၃ ။           ။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လေယာဉ်ကွင်းဟောင်း၏ အရှေ့ဘက်နှင့် တောင်ဘက် တစ်လျှောက်တွင် ကျူးကျော်နေထိုင်လျက်ရှိသည့် ကျူးကျော်အိမ် ၁၂၀ ခန့်ကို မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီနှင့်အထွေထွေအုပ်ချုပ်ရေးအဖွဲ့တို့က၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းက စတင်ကာ ဖယ်ရှားမှုများပြုလုပ်ခဲ့သည်။

 ကျူးကျော်နေထိုင်သူများအနေဖြင့် ယင်းနေရာတွင် အနည်းဆုံးနေထိုင်ချိန် ၆ နှစ်ခန့်အထိရှိပြီး ၂၇ နှစ်ခန့် ကြာအောင် နေထိုင်သူများလည်းရှိနေကြောင်း ကျူးကျော်များထံမှ သိရသည်။

 
"ကျွန်မတို့ဆီကို ပထမအခါ သတိပေးစာထုတ်တော့ ကျွန်မတို့က ကျောင်းသားတွေလည်းရှိနေတယ်။ ကျောင်းပိတ်တဲ့အချိန်အထိစောင့်ပေးပါဆိုပြီးတော့ ဌာနဆိုင်ရာတွေကို အသနားခံစာတင်ကြပါတယ်။ တင်လိုက်တော့ ဘာမှ အကြောင်းပြန်မလာတဲ့အတွက် သူတို့စောင့်ပေးမယ်ပဲထင်ခဲ့တာ။ ခုကျတော့မှာ ပြီးခဲ့တဲ့ နှစ်ရက်လောက်က နောက်တစ်ကြိမ်လာပို့တယ်။ နှစ်ရက်အချိန်ပေးပါတယ်။ ကျွန်မတို့က မရွှေ့ဖြစ်တော့ သူတို့လာဖယ်တာပါ"ဟု ကျူးကျော်နေထိုင်သူတစ်ဦးဖြစ်သည့် ဒေါ်မြဝင်းက ပြောကြားသည်။

 
အဆိုပါနေရာတွင် ကျူးကျော်ဆောက်လုပ်ထားသည့် နေအိမ်ပေါင်း ၁၂၀ ဝန်းကျင်ခန့်ရှိနေပြီး ယင်းနေအိမ်များ အားလုံးကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 "ကျွန်တော်တို့ကတော့ အထက်က ညွှန်ကြားချက်အရ လာကြီးကြပ်ရတာပါ။ သူတို့ကို ဆယ်လပိုင်း ၃ ရက်နေ့မှာ တစ်ကြိမ်၊ ပြီးခဲ့တဲ့ ကိုးရက်နေ့က တစ်ကြိမ် သတိပေးစာထုတ်ပါတယ်။ သူတို့က ဖယ်မပေးဘူး။ ဒါကြောင့် စည်ပင်သာယာက ဖယ်တာပါ"ဟု မြို့သစ် အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။

 
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မန္တလေးမြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်ရှိ ကျူးကျော်နေထိုင်မှုများကို မူးယစ်ဆေးဝါးကျော်ဇောခြင်း၊ မြို့အင်္ဂါရပ်နှင့် မညီခြင်းတို့ကြောင့် ၂၀၁၇ ခုနှစ်အတွင်းမှ စတင်ကာ ဖယ်ရှား ရှင်းလင်းမှုများကို ဆောင်ရွက်လာခဲ့ခြင်းဖြစ်ပြီး၊မြို့၏ အရှေ့တောင်ဘက်ရှိ ဇီးအုပ်ကွက်သစ်၊ မြို့အနောက် ဘက်ထိပ်မှ ကမ်းနားလမ်းတစ်လျှောက်၊ ပြင်ဦးလွင်သွားကားလမ်းဘေးဝဲယာမှ ကျူးများ စသည်ဖြင့် ရှင်းလင်း ခဲ့ရာ ကျူးကျော်နေအိမ်ပေါင်း ၁၀၀၀ ဝန်းကျင်ခန့်အထိ ဖယ်ရှားရှင်းလင်းပြီးဖြစ်သည်။
    

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required