KNU၊ RCSS/SSA တို့နှင့် ပတ်သက်ပြီး ပိုမိုတွေ့ဆုံဆွေးနွေးရန် ကယား အမျိုးသားကိုယ်စားလှယ်တိုက်တွန်း

KNU၊ RCSS/SSA တို့နှင့် ပတ်သက်ပြီး ပိုမိုတွေ့ဆုံဆွေးနွေးရန် ကယား အမျိုးသားကိုယ်စားလှယ်တိုက်တွန်း

နေပြည်တော်၊ နိုဝင်ဘာ ၁၃ ။           ။ အပစ်ရပ် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအနက်မှ KNU  နှင့် RCSS/SSA တို့မှ ထုတ်ပြန်ကြေညာချက်များနှင့် ပတ်သက်ပြီး ထိုအဖွဲ့များနှင့် ပိုမိုတွေ့ဆုံဆွေးနွေးအဖြေရှာကြရန် ကယားပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၉) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းထားသော KNU အပြင် RCSS/SSA မှ တပ်မတော်နှင့် ပြန်လည်တွေ့ဆုံဆွေးနွေးလိုကြောင်း ကြေညာချက်များထုတ်ထားသည့်အပေါ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေးကတော့ ဒီလိုပဲဗျ။ အဆင်ပြေတဲ့အခါလည်းရှိတယ်။ တစ်ယောက်တစ်ယောက် သဘောထား မတူတာတွေလည်း ရှိတယ်။ ဒါက ညှိယူရတာပေ့ါနော်။ တခါတလေကျတော့လည်း Differences(ခြားနားချက်များ) တွေက သိပ်ကြီးသွားတတ်တယ်။ ဒါကလည်းပြန်ပြီးတော့ စိတ်ရှည်ခသည်းခံပြီး ပြန်ညှိကြရတယ်။ အဓိကကတော့ တွေ့ဆုံခြင်းကို ကျွန်တော်ယုံကြည်တယ်။ ဒီလိုဖြစ်ရင် ပိုတွေ့ဆုံပေး”ဟု ဦးစိုးသိန်းက ပြောသည်။

အစိုးရ၊ တပ်မတော်နှင့် အဆိုပါ EAOS ( တိုင်ရင်းသားလက်နက်ကိုင်) အဖွဲ့များအကြား ပိုမိုတွေ့ဆုံရန် လိုအပ်ပြီး၊ ခြားနားချက်များ ရှိနေသည့်အတွက် အယုံအကြည် မဲ့သွားခြင်းမျိုးမဟုတ်ဘဲ ယုံကြည်မှု လျော့သွားခြင်းမျိုးဖြစ်ကြောင်း၊ မတွေ့ဆုံပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပိုမိုဝေးကွာသွားနိုင်ကြောင်း ၄င်းကဆက်ပြောသည်။

“ဒါကိုတော့ ၀ိုင်းလုပ်ရမှာပေါ့။ ဥပမာ ကျွန်တော်ပြောချင်တာက အစိုးရရယ်၊ တပ်မတော်ရယ် ၊ခုနက EAO  အဖွဲ့တွေပေါ့ဗျာ ။ ဒီအဖွဲ့တွေက အားလုံး ညီအစ်ကိုမောင်နှမ ၊ သားသမီးတွေလို လုပ်ရမယ်။ အစိုးရနဲ့ တပ်မတော်ကလည်း မိဘပေ့ါဗျာ။ မိဘနှစ်ပါးပေ့ါ။ ဟိုကလည်း သားသမီးတွေလိုပေ့ါ။ သားသမီးက တခါတလေကျ အမြင်က နည်းနည်းလွဲရင် လွဲမယ်လေ။ စိတ်ရှည်ပြီးတော့ ညှိရမယ်လို့ ကျွန်တေ်ာပြောချင်ပါတယ်”  ဟု ၄င်းက ဆိုသည်။

ယနေ့ နိုဝင်ဘာ ၁၃ရက်နေ့က ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော် ဒဿမ ပုံမှန် အစည်းအဝေး ဒုတိယနေ့အစီအစဉ်အပြီးတွင် ဦးစိုးသိန်းက မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ နိုဝင်ဘာလ ၆ ရက်နေ့မှ  ၁၀ ရက်နေ့ထိ ဘားအံခရိုင်၊ လေးဝါးတွင် ပြုလုပ်သည့် (၆)ကြိမ်မြောက်  ဗဟို အမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးမှ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ထို့သို့ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းညှိနှိုင်းနေသော်လည်း  အစိုးရဘက်နှင့် တပ်မတော်ဘက်မှ NCA သဘောတူ စာချုပ်တွင် ပါဝင်မှု မရှိသော ခွဲမထွက်ရနှင့် တစ်ခုတည်းသောတပ်မတော်ကိစ္စရပ်များ ဆွေးနွေးရန် တင်သွင်းလာကြောင်း၊ ယင်းသတ်မှတ်ချက်များကို လက်ခံပြီးမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် သဘောတူထားသော အကြောင်းအရာများကို ဆက်လက်ဆွေးနွေးမည် ဖြစ်နေပါကြောင်း၊ မိမိတို့အနေဖြင့် လုံခြုံရေးစနစ်ကို ကျေကျေလည်လည်ဆွေးနွေးပြီးမှသာလျှင် တစ်ခုတည်းသော တပ်မတော် ကဲ့သို့သောကိစ္စကို ဆက်လက်ဆွေးနွေးပါမည်ဟု  နိုဝင်ဘာလ ၁၀ ရက်၊ KNU ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယမန်နေ့နိုဝင်ဘာလ ၁၂ ရက်ကလည်း  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/ SSA မှ ထုတ်ပြန်ခဲ့သည့်ကြေညာချက်ထဲတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)အစည်းအဝေး များတွင် တပ်မတော်နှင့် RCSSတို့အကြား နားလည်မှုကွဲလွဲချက်များရှိနေကြောင်း ထိုကွဲလွဲချက်များအတွက် ပြန်လည်ဆွေးနွေးလိုကြောင်းပါရှိသည်။

ထို့အပြင် ပြည်ထောင်စုမှ ခွဲမထွက်ရဆိုသည့်အချက်သည် NCA တွင် ပါဝင်ခြင်းမရှိသည့်အတွက် ၄င်းအချက်နှင့်ပတ်သက်ပြီး RCSSသည် NCA သဘောထားအတိုင်း ရပ်တည်သွားမည်ဖြစ်ကာ၊ တစ်ခုတည်းသော တပ်မတော်( Single Army) နှင့်ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နှင့် RCSS တို့အကြား  အလွတ်သဘောဆွေးနွေးပွဲများမှ အဖြေရှာသွားမည်ဟု အထက်ပါအချက်များသည် ကြေညာချက်ထဲတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags