မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ မူဝါဒသစ်များ ရေးဆွဲလုပ်ဆောင်သွားမည်

မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ မူဝါဒသစ်များ ရေးဆွဲလုပ်ဆောင်သွားမည်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊နိုဝင်ဘာ ၁၃ ။              ။ ယခင် မူဟောင်းများ အဆင်မပြေ၍ မူးယစ်ဆေးထိန်းချုပ်နိုင်ရေးကို မူဝါဒ အသစ်များရေးဆွဲကာ တိုင်းနှင့်ပြည်နယ်များတွင် ရဲတပ်ဖွဲ့မှ လုပ်ဆောင်သွားမည်ဟု သိရသည်။

အဆိုပါ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ ရှင်းလင်းပွဲကို နိုဝင်ဘာ ၁၃ ရက်၊နံနက် ၉ နာရီက မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊သိပ္ပံလမ်းနှင့်ရဝလမ်းထောင့်ရှိ Mandalay Convention Center တွင် ပြုလုပ်ခဲ့သည်။

"မူဝါဒရေးဆွဲပြီးရင် တစ်နိုင်ငံလုံးနဲ့ လွှမ်းခြုံနိုင်တဲ့ မဟာဗျူဟာ စီမံချက်ကို ရေးဆွဲမှာဖြစ်ပါတယ် ။ ဒါကတော့ ဗဟိုမှာရေးဆွဲနေပါတယ် ။ ဒီမဟာဗျူဟာပြီးရင်တော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက သူတို့ဆောင်ရွက်ရမယ့် လုပ်ငန်းစီမံချက်တွေ ရေးဆွဲရမှာဖြစ်ပါတယ်။"ဟု မူးယစ်ရဲတပ်ဖွဲ့ (ဗဟို) မှ ဒုတိယရဲမှူးကြီး ဝင်းမြင့် က ပြောသည်။

လက်ရှိအချိန်တွင် အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒရှင်းလင်းပွဲများကို ရှမ်းပြည်နယ် ၊ ကယားပြည်နယ် ၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ပြီးဖြစ်ပြီး ကျန်ရှိနေသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။

ဆွေးနွေးပွဲများပြီးပါက တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်သည့် မဟာဗျူဟာ စီမံချက် ရေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

ယခုလိုအမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒအသစ်များရေးဆွဲနိုင်အောင် ဆောင်ရွက်နေခြင်းသည် ယခင်ကကျင့်သုံးခဲ့သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး မူဟောင်းများဖြင့် ဆက်လက်လုပ်ဆောင်ရန် အဆင်မပြေနိုင်သည့် အနေအထားများကြောင့် ဖြစ်ကြောင်းသိရသည်။

ယခုပြုလုပ်သည့် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဌာနဆိုင်ရာများ ၊ နိုင်ငံတကာအဖွဲ့အစည်းများ တက်ရောက်ခဲ့သည့်အပြင် ကျောင်းသား ကျောင်းသူများလည်း တက်ရောက်ခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly