အလုံမြို့နယ်ရှိ ကုမ္ပဏီအား အနုကြမ်းစီးခဲ့မှုတွင် ၅ ဦးအထိ ဖမ်းဆီးရမိ

အလုံမြို့နယ်ရှိ ကုမ္ပဏီအား အနုကြမ်းစီးခဲ့မှုတွင် ၅ ဦးအထိ ဖမ်းဆီးရမိ
ဓာတ်​ပုံ- ရန်​ကုန်​တိုင်​းရဲတပ်​ဖွဲ့

ရန်ကုန်၊ နိုဝင်ဘာလ ၁၃ ။               ။ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ အင်ဂျင်ဝိုင်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုအတွင်းသို့  မျက်နှာဖုံး တပ်ထားသည့် လူတစ်စုမှ အနုကြမ်းစီးမှု တစ်ခုကို နိုဝင်ဘာလ ၁၂ရက် ညပိုင်းက ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်  ဖမ်းဆီးရမိထားသူ ၅ ဦးထိ ရှိပြီဖြစ်ကြောင်း အလုံမြို့မရဲစခန်းမှ သိရသည်။

နိုဝင်ဘာလ ၁၃ ရက်တွင် ရန်ကုန်မြို့၊ အလုံမြို့နယ်တရားရုံးသို့ အဆိုပါ အနုကြမ်းစီးမှုမှ ဖမ်းဆီးရမိထားသူ အမျိုးသား ၅ ဦးကို ရဲတပ်ဖွဲ့မှ အချုပ်ကားဖြင့် ခေါ်ဆောင်လာပြီး တရားရုံးတွင် ချုပ်ရမန် ၂ ပတ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိထားသူများအား မီဒီယာများက တရားရုံးပြင်ပမှ သတင်းရုပ်သံရိုက်ကူးခဲ့သော်လည်း ရဲအရာ ရှိများက ရိုက်ကူးခွင့်မပေးဘဲ လုံခြုံရေးအရဟုဆိုကာ တားမြစ်ခဲ့ပြီး နောက်မှ သတင်းအချက်အလက်အပြည့် အစုံ ထုတ်ပြန်ပေးမည်ဟု ပြောဆိုခဲ့သည်။

“ ဖမ်းဆီးရမိထားတာ ၅ ယောက်ပေါ့။ အိမ်ထဲမှာ ၂ ယောက်ဖမ်းမိခဲ့တာ။ ကျန် ၃ ယောက်က ညက လိုက်ဖမ်း တာပေါ့။ ဒီနေ့ ရမန်ကြီး ၂ ပတ်ယူတယ်။ ၂၆ ရက်နေ့အထိပေါ့။ ပြီးတော့ အင်းစိန်ကိုပဲ ပို့မှာ”ဟု ရဲအရာရှိ တစ်ဦးက မဇ္စျိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

အနုကြမ်းစီးမှုတွင် ဖမ်းဆီးထားသူ ၅ ဦးအား ရဲအချုပ်ကားဖြင့်နိုဝင်ဘာလ ၁၃ ရက်နေ့၌ ရမန်လာယူစဉ်။  ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၂ ရက်၊ ည ၆ နာရီ၊ မိနစ် ၅ဝ ခန့်အချိန်တွင် အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီ အတွင်းသို့ လိုက်ထရပ်အဖြူရောင်ယာဉ်ဖြင့်  မျက်နှာဖုံးစွပ်ထားသည့် လူတစ်စုက တုတ်၊ ဓားများကိုင်ဆောင်ကာ ဝင်ရောက်ခဲ့ပြီး ဝန်ထမ်းနှစ်ဦးအား ကြိုးတုပ်ကာ ကုမ္မဏီအတွင်း မွှေနှောက်ခဲ့ကြကြောင်း၊ ရုံးခန်းအတွင်း တပ်ဆင်ထားသည့် CCTV ကင်မရာအား ဖြုတ်ယူကာ ယင်းကုမ္ပဏီမှ မန်နေဂျာဖြစ်သူ  ဦးမြင့်စိန်အား ၎င်းတို့၏ ကိုယ်ပိုင်ယာဉ်ဖြစ်သည့် လင်ခရူဆာနှင့်အတူ ခေါ်ဆောင်သွား ခဲ့ကြောင်း အစိုးရပြန်ကြားရေးဌာန၏ သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ မျက်နှာဖုံးအုပ်ထားသူများအား ရဲတပ်ဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ဒဂုံမြို့နယ်နေ သူရ နှင့် စိုးကျော်ကျော် လွင်တို့ ၂ ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် မန်နေဂျာ ဦးမြင့်စိန်ကို  ညရ နာရီခွဲခန့်တွင် ပြည်လမ်း၊ နိုဗိုတယ်ဟိုတယ်ရှေ့၌ လင်ခရူဆာယာဉ်နှင့်အတူ ပြန်လည်တွေ့ရှိခဲ့ကြောင်း အဆိုပါ အစိုးရ ပြန်ကြားရေး၏ ဖော်ပြထားသောသတင်းတွင် ပါရှိသည်။

ပြန်လည်တွေ့ရှိခဲ့သည့် ဦးမြင့်စိန်၏ ပြောပြချက်အရ မျက်နှာဖုံးစွပ်ထားသည့် လူအုပ်စုမှာ လူ ၅ ဦးခန့်ရှိကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့မှ ထွက်ပြေးတိမ်းရှောင်နေသူများအား ညတွင်းချင်းလိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အနုကြမ်းစီးခဲ့သူ ၅ ဦးကို ဖမ်းဆီးရမိထားပြီး ရဲတပ်ဖွဲ့မှ အလုံမြို့နယ်တရားရုံးတွင် ရမန်နှစ်ပတ်ယူခဲ့ ကာ လာမည့် နိုဝင်ဘာလ ၂၆ ရက်နေ့အား ပြန်လည်ချိန်းဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly