အငှားယာဉ်မောင်းအား ဓားထောက်လုယက်သူနှစ်ဦးကို ဖမ်းမိ

အငှားယာဉ်မောင်းအား ဓားထောက်လုယက်သူနှစ်ဦးကို ဖမ်းမိ
ဓာတ္ပံု- ရဲဇာနည္

ရန်ကုန်၊ နိုဝင်ဘာလ ၁၃ ။            ။ ရန်ကုန်မြို့ ၊တောင်ဥက္ကလာပမြို့နယ်တွင် အငှားယာဉ်မောင်းအား ဓားထောက်လုယက်ခဲ့သူ ၂ ဦးကိုဖမ်းဆီး ရမိခဲ့ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၃ နာရီခန့်အချိန်တွင် ဓားထောက်ခံရသူ အမျိုးသားမောင်းနှင်လာသည့် အငှားယာဉ်အား တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းမီးပွိုင့်အနီးတွင် လူ ၂ ဦးမှ သင်္ဃန်းကျွန်း လိုင်စင်ရုံး အနီးသို့ ၂၅ဝဝ ကျပ်နှင့်ငှားရမ်းသဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 
ထိုသို့ပို့ဆောင်စဉ် ရတနာလမ်း၊ ကျိုက္ကဆံဘုရားအရှေ့အရောက် အရှေ့ခန်းတွင်ထိုင်သော လူမှအပေါ့ သွားချင်သည်ဆိုသဖြင့် ကျိုက္ကဆံဘုရား မုဒ်ဦးအလွန်တွင် ခဏရပ်ပေးလိုက်ရာ အဆိုပါ လူက ဆင်းပြီး အပေါ့သွားနေစဉ် နောက်ခန်းတွင်လိုက်ပါလာသော လူမှ ယာဉ်မောင်းအား လည်ပင်းကို စတီးဓားနှင့် ထောက်ထားပြီးငွေတောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 
ယာဉ်မောင်းမှ ဆေးလိပ်ပြာခံသော အံဝှက်အတွင်း ငွေ ၄၆ဝဝဝ ကျပ်ရှိကြောင်းပြောရာ  ၎င်းတို့မှ ငွေများအားယူဆောင်ပြီးထွက်ပြေးစဉ် ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခဲ့ရာ လှည့်ကင်း ဆောင်ရွက်နေသော တောင်ဥက္ကပလာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ လုယက်သူ ၂ ဦး အနက် ၁ ဦးအား ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

 
ကျူးလွန်ခဲ့သူဟုဆိုသည့် သူ ၂ ဦးမှာ  တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ်ကွက်၊ သီဟသူ(၃)လမ်းတွင် နေထိုင်သော  အသက် ၃၆ နှစ်အရွယ် နေစိုးအောင်(ခ)ဘိုတုတ်နှင့် ၎င်း၏ တူဖြစ်သူ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ကျိုက္ကဆံ လမ်းတွင်နေထိုင်သော အသက် ၂၅ နှစ်အရွယ် သန်းဌေးအောင်(ခ) ဖိုးခွါးတို့ဖြစ်ကြောင်း သိရသည်။

 အဆိုပါ ဖမ်းဆီးရမိသူမှာ  နေစိုးအောင်(ခ)ဘိုတုတ်ဆိုသူဖြစ်ပြီး ၎င်းအား အသေးစိတ် စစ်ဆေးခဲ့ရာမှ ၎င်း၏ တူအရင်းဖြစ်သူပါ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ကြောင်း သိရှိရသဖြင့် သန်းဌေးအောင်(ခ)ဖိုးခွါးဆိုသူအား နိုင်ဘာလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီ၊ ၄ဝ မိနစ်ခန့်အချိန် တာမွေအဝိုင်းအနီးရှိ ခုံးတံတားအောက်တွင် တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

 
၎င်းတို့ ၂ ဦးထံမှ သက်သေခံငွေများနှင့်ဓားတို့အား  ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး လက်ရှိတွင် အမှုဖွင့်ထားကာ အခြားပြစ်မှုများ ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly