ဒေါ်အောင်ဆန်းစုကြည်ထံမှ AI အဖွဲ့၏ အမြင့်ဆုံးဂုဏ်ပြုဆုကို ရုပ်သိမ်း

ဒေါ်အောင်ဆန်းစုကြည်ထံမှ AI အဖွဲ့၏ အမြင့်ဆုံးဂုဏ်ပြုဆုကို ရုပ်သိမ်း
ဓာတ်ပုံ - AFP

နိုဝင်ဘာ ၁၃ ။ ။ဒေါ်အောင်ဆန်းစုကြည်၏ တစ်ချိန်က ရပ်တည်စွဲကိုင်ခဲ့သော တန်ဖိုးများကြောင့် ပေးအပ်ချီးမြှင့်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ အမြင့်ဆုံး ဂုဏ်ပြုဆုကို ပြန်လည်ရုပ်သိမ်းကြောင်း နိုဝင်ဘာ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယုံကြည်မှုကို မဆုတ်မနစ် စွဲကိုင်ထားသူ ဂုဏ်ထူးဆောင် သံတမန်ဆုအား ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပြီးနောက်ပိုင်း ၎င်း၏ နိုင်ငံရေးနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ သြဇာအာဏာတို့ကို အသုံးပြု၍ လူ့အခွင့်အရေးနှင့် တရားမျှတမှု၊ တန်းတူညီမျှမှုတို့ကို အကာအကွယ်မပေးနိုင်ခဲ့သလို၊ မသိကျိုးကျွံပြုနေခဲ့ခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ သည်းခံနိုင်မှု နည်းပါးလာသည်တို့ကို ထောက်ပြ၍ ယခုလို ရုပ်သိမ်းရခြင်းဖြစ်သည်ဟု AI ၏ အထွေထွေအတွင်းရေးမှူး ကူးမီနိုင်ဒူးက ပြောသည်။

"ယခုအခါတွင် ဒေါ်အောင်ဆန်းစုကြည်သည် မျှော်လင့်ချက်၊ သတ္တိနှင့် လူ့အခွင့်အရေးများကို မဆုတ်မနစ် ကာကွယ်ပေးသူတစ်ဦး၏ သင်္ကေတအဖြစ်ဖြင့် ဆက်လက် ကိုယ်စားမပြုနိုင်တော့သည်ကို မိမိတို့အနေဖြင့် အလွန်စိတ်ပျက်စဖွယ် တွေ့ရှိခဲ့ရပါပြီ။ သို့အတွက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ယုံကြည်မှုကို မဆုတ်မနစ် ဆွဲကိုင်သူ ဂုဏ်ထူးဆောင်သံတမန်တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေရန် အနေအထားမရှိတော့ပါ၍ ကြီးစွာသော ဝမ်းနည်းမှုဖြင့် ၎င်းဆုအား ဒေါ်အောင်ဆန်းစုကြည်ထံမှ ပြန်လည်ရုပ်သိမ်းတော့မည်ဖြစ်ပါသည်။" ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပြီးနောက်ပိုင်း ၎င်းအား ချီးမြှင့်ခဲ့သည့် ယခု ဆုအပါအဝင် နိုင်ငံတကာမှ ဂုဏ်ပြုဆုများ ၉ ခုထက်မနည်း ရုပ်သိမ်းခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly