၂၀၁၇-၁၈ လာလီဂါအကောင်းဆုံးကစားသမားဆုနဲ့ ဂိုးသွင်းအများဆုံးဆု နှစ်ဆုလုံး ဆွတ်ခူးသွားခဲ့တဲ့ မက်ဆီ

၂၀၁၇-၁၈ လာလီဂါအကောင်းဆုံးကစားသမားဆုနဲ့ ဂိုးသွင်းအများဆုံးဆု နှစ်ဆုလုံး ဆွတ်ခူးသွားခဲ့တဲ့ မက်ဆီ
Photos: EPA

ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီဟာ ၂၀၁၇-၁၈ ရာသီအတွက် လာလီဂါအကောင်းဆုံးကစားသမားဆု(ဒီစတီဖာနိုဆု)နဲ့ လိဂ်ဂိုးသွင်းအများဆုံးဆု(ပီချီချီဆု) တို့ကို ဆွတ်ခူးရရှိခဲ့တဲ့အပြင် ပရိသတ်များက ရွေးချယ်ခဲ့တဲ့ စပိန်လိဂ်မှာ တန်ဖိုးအရှိဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

မက်ဆီဟာ လာလီဂါအကောင်းဆုံး ကစားသမားဆုကို ၇ ကြိမ်အထိ ရရှိခဲ့သလို ဂိုးသွင်းအများဆုံးဆုကိုလည်း စုစုပေါင်း ၅ ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ မက်ဆီရဲ့ ဂိုးသွင်းအများဆုံးဆု အရေအတွက်ထက် အများဆုံးရရှိသူမှာ တယ်မိုဇာရာ တစ်ဦးသာဖြစ်ပြီး ၆ ကြိမ်အထိ ရရှိခဲ့ပါတယ်။

မက်ဆီဟာ သူ့ရဲ့ ဆုနှစ်ဆုဖြစ်တဲ့ ဒီစတီဖာနို်ဆု၊ ပီချီချီဆုနဲ့ တန်ဖိုးအရှိဆုံး ကစားသမားဆုတို့ကို တနင်္လာနေ့က ဘာစီလိုနာမှာ Marca (မာကာ) သတင်းစာကြီးကနေ ကမကထပြုချီးမြှင့်တဲ့ အခမ်းအနားမှာ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

ဆုပေးပွဲမှာ မက်ဆီက လက်ရှိရာသီ လာလီဂါပြိုင်ပွဲရဲ့ အခြေအနေနဲ့ပတ်သက်ပြီး “ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်တာ ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ တစ်သင်းကို တစ်သင်းက အနိုင်ယူဖို့ မလွယ်ကူတော့သလို၊ ဘယ်အသင်းမျိုးကမဆို နိုင်ပွဲတွေ ရယူပြနိုင်တဲ့ အခြေအနေက ပရိသတ်တွေအတွက် ကောင်းမွန်ပြီး ဒါဟာ လိဂ်ပြိုင်ပွဲအတွက် ကောင်းပါတယ်။ ဒီလိုမျိုးပုံစံအတိုင်း အချိန်တွေ အကြာကြီး ဆက်ရှိနေဖို့လည်း မျှော်လင့်ပါတယ်။ အဆုံးသတ်မှာ ကျနော်တို့ကိုယ်ကို အနည်းငယ် အကျိုးဖြစ်ထွန်းမှုတစ်ခုကို ရရှိနိုင်မှာမို့ပါ။”လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ပွဲမှာ ၃၄ ဂိုး သွင်းယူခဲ့မှုနဲ့အတူ သူဟာ ဘာစီလိုနာမှာ ကစားသမားဘဝတစ်လျှောက် လာလီဂါဖလား ၉ ကြိမ်ရရှိနိုင်အောင် အသင်းကို ကူညီခဲ့ပါတယ်။

စပိန်ကစားသမားများထဲမှ ဂိုးအများဆုံးသွင်းယူနိုင်သူကို ချီးမြှင့်တဲ့ The Zarra ဆုကိုမူ ဆယ်လ်တာဗီဂိုအသင်းနဲ့အတူ ၂၂ ဂိုး သွင်းယူခဲ့တဲ့ အက်စ်ပတ်စ်က ရရှိခဲ့ပါတယ်။ ဒါပေမယ့် စပိန်တိုက်စစ်မှူးဟာ ဆုပေးကိုတော့ တက်ရောက်လာနိုင်ခဲ့ခြင်း မရှိပါဘူး။

အကောင်းဆုံးဂိုးသမားဆုကို အက်သလက်တီကိုဂိုးသမား အိုဘလက်ခ်က ၃ နှစ်ဆက်အဖြစ် ရရှိခဲ့ပြီး အကောင်းဆုံးနည်းပြဆုကို ဗလင်စီယာနည်းပြ မာဆယ်လီနိုက ရရှိကာ နည်းပြဘဝ ၂ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

Ref; AFP, EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly