ကယ်လီဖိုးနီးယားတောမီးမှာ ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ နေအိမ်တွေပါ မီးထဲပါ

ကယ်လီဖိုးနီးယားတောမီးမှာ ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ နေအိမ်တွေပါ မီးထဲပါ
@GerardButler/Twitter

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၁၂ ။      ။ ကယ်လီဖိုးနီးယားတောမီးမှာ ဂါးဂတ်ဘတ္တလာ၊ အော်လန်ဒိုဘရွန်းနဲ့ မိုင်လေးဆိုင်းရပ်စ်တို့လို ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ နေအိမ်တွေပါ မီးထဲပါ လောင်ကျွမ်းကြောင်း သိရပါတယ်။

ကင်ကာဒက်ရှန်းနဲ့ လေဒီဂါဂါတို့လို အခြားသော ကျော်ကြားသူတွေဟာလည်း ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာပဲ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းကြပြီးဖြစ်ပါတယ်။

အခု လောင်ကျွမ်းနေတဲ့ ကယ်လီဖိုးနီးယား တောမီးဟာ နိုဝင်ဘာ ၈ ရက်နေ့က စတင်လောင်ကျွမ်းတာဖြစ်ပြီး ခုထိဆိုရင် သေဆုံးသူ ၃၁ ဦးအထိ ရှိနေပါပြီ။ ပျောက်ဆုံးနေသူက ၂၀၀ ကျော် ရှိနေတယ်လို့လည်း သိရပါတယ်။

တောမီးကြောင့် နေအိမ်တွေကို စွန့်ခွာပြေးရတဲ့ ပြည်သူပေါင်း နှစ်သိန်းခွဲထက်မနည်း ရှိနေပါတယ်။

မိုင်လေးဆိုင်းရပ်စ်က တွစ်တာပေါ်မှာ “ကျွန်မရဲ့ အသိုက်အမြုံတစ်ခုလုံး တောမီးက ဖျက်ဆီးဝါးမြိုလိုက်ပြီ။ ကျွန်မကတော့ ကံကောင်းတဲ့အထဲ ပါတဲ့လူတစ်ယောက်ပေါ့။ ကျွန်မရဲ့ တိရစ္ဆာန်တွေလည်း ဘေးကင်းပါတယ်။ ကျွန်မရဲ့ နေအိမ်ကတော့ ပြာပုံဖြစ်တော့မှာ ဖြစ်ပေမယ့် မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ အတူရှိခဲ့တဲ့ အမှတ်တရတွေကတော့ ထင်ကျန်ရစ်နေမှာပဲ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။”လို့ ရေးသားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly