နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်
ဓာတ်ပုံ - သတင်းစဉ်

နိုဝင်ဘာ ၁၂ ။         ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာလ ၁၂ ရက်တွင် စင်ကာပူရှိ Marina Bay Sands ဟိုတယ်၌ ပြုလုပ်သည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး အစည်းအဝေး (ASEAN Business and Investment Summit – ABIS 2018) သို့ တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဆိုပါ ထိပ်သီးအစည်းအဝေးတွင် “အာဆီယံနိုင်ငံများနှင့် မြန်မာနိုင်ငံ တို့တွင် ဆောင်ရွက်နိုင်မည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ (Business and Investment in Myanmar and ASEAN)” ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံတကာမှ စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ၊ စီးပွားရေး ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူတွင် (၃၃) ကြိမ် မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly