ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"၏ အရှိန်ကြောင့် ၂၄ နာရီအတွင်း မိုးရွာကာ ရန်ကုန်တွင် မိုးကြီးနိုင်

ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"၏ အရှိန်ကြောင့် ၂၄ နာရီအတွင်း မိုးရွာကာ ရန်ကုန်တွင် မိုးကြီးနိုင်
Photo-AFP

နိုဝင်ဘာ ၁၂ ။           ။ အိန္ဒိယသို့ ဗဟိုပြုနေသော ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)၏အရှိန်ကြောင့် ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေမှ နောက် ၂၄ နာရီအတွင်း  ဒေသအချို့ မိုးရွာနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီး နိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်သည်။

ဒေသအချို့မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီ  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရခြင်း ဖြစ်သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)သည် နောက်၂၄ နာရီအတွင်း ပိုမို အားကောင်းလာကာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)အဖြစ် သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက်တောင် ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။

ယနေ့ညနေ ၆ နာရီခွဲ တိုင်းတာချက်အရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ"(Gaja)သည် အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းသို့ ရောက်ရှိခဲ့ကာ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့ဘက်မိုင် ၃၇၀ ခန့်နှင့် နာဂါပတ္တနမ်မြို့ (Nagapattinam)၏ အရှေ့-အရှေ့ မြောက်ဘက် ၄၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly