နယ်စပ်စစ်ကင်းထောက်စခန်းတွေကို ကိုရီးယားနှစ်နိုင်ငံ စတင်ဖျက်ဆီး

နယ်စပ်စစ်ကင်းထောက်စခန်းတွေကို ကိုရီးယားနှစ်နိုင်ငံ စတင်ဖျက်ဆီး

ဆိုးလ်၊ နိုဝင်ဘာ ၁၂ ။          ။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဟာ နယ်စပ်က တင်းမာမှုတွေ လျှော့ချနိုင်ရေး အစီအစဉ်တစ်ရပ်အဖြစ် တနင်္ဂနွေနေ့မှာ နယ်စပ်စစ်ကင်းထောက်စခန်း ၂၀ ကို နှစ်နိုင်ငံ စတင်ဖျက်ဆီးပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာနှောင်းပိုင်းမှာ နှစ်နိုင်ငံစစ်ဗိုလ်ချုပ်ကြီးတွေကြား သဘောတူညီမှုတစ်ရပ်အရ နယ်စပ်တစ်လျှောက် လက်နက်ပြည့် စောင့်ကြပ်နေတဲ့ ကင်းထောက်စခန်း ဆယ်ခုစီကို တောင်၊ မြောက်ကိုရီးယားနှစ်နို်င်ငံအနေနဲ့ ဖျက်ဆီးကြမယ့် သဘောတူညီချက်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်က နယ်စပ်အစောင့်တပ်စခန်း ၂၀ မှာ တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို ရုပ်သိမ်းပြီး နယ်စပ်ကင်းထောက်စခန်းတွေ ဖျက်ဆီးမှုကို စတင်လုပ်ဆောင်တာပဲ ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ဖော်ပြပါတယ်။

နယ်စပ်တစ်လျှောက်မှာ တောင်ကိုရီးယား စစ်တပ်ကင်းထောက်စခန်းပေါင်း ၆၀ နီးပါး ရှိပြီး မြောက်ကိုရီးယားဖက်ခြမ်းမှာတော့ ၁၆၀ နီးပါး ရှိနေတာလို့ ယွန်ဟတ်သတင်းက ဆိုပါတယ်။

နှစ်နိုင်ငံ စစ်သားတွေရယ်၊ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂကွပ်ကဲရေးတပ်တွေ မျက်နှာချင်းဆိုင် စောင့်ကြပ်နေရာ မိုင်ပေါင်း ၁၅၅ မိုင်ရှည်လျားတဲ့ နယ်စပ်တစ်လျှောက်မှာ အပစ်ရပ်ရွာဖြစ်တဲ့ ပန်မန်ဂျွမ်ရွာသာ တစ်ခုတည်းသော ဆုံမှတ်အဖြစ် ရှိနေတာပါ။

ဒါပေမယ့် နှစ်နို်င်ငံ ပြန်လည်ရင်ကြားစေ့ရေး လုပ်ဆောင်ချက်အဖြစ် ပြီးခဲ့တဲ့လအတွင်းက အပစ်ရပ်ရွာဧရိယာတစ်လျှောက်မှာ လက်နက်တွေနဲ့ အစောင့်တပ်တွေအားလုံးကို ရုပ်သိမ်းပြီး လက်နက်မကိုင်ဆောင်တဲ့ အမှုထမ်း ၃၅ ဦးကို နှစ်နိုင်ငံစလုံးက အသီးသီး အစားထိုး ထားရှိထားတာလည်း ဖြစ်ပါတယ်။

ခုလို လုပ်ဆောင်ချက်တွေဟာ ရန်ဖက်ဖြစ်ခဲ့တဲ့ နှစ်နိုင်ငံကြား သံတမန်ပြေလည်မှုတစ်ရပ်အဖြစ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly