ထင်းအစားထိုးအဖြစ် LPG သုံး လူထုမီးဖိုဆောင် ဟိုပုံးမြို့တွင် ဖွင့်လှစ်ထား

ထင်းအစားထိုးအဖြစ် LPG သုံး လူထုမီးဖိုဆောင် ဟိုပုံးမြို့တွင် ဖွင့်လှစ်ထား

နိုဝင်ဘာ ၁၁ ။            ။ LPG (သဘာဝရေနံဓာတ်ငွေ့ရည်)သုံး လူထုမီးဖိုဆောင်(Community Kitchen)တစ်ခုကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

ဒေသခံ အိမ်ရှင်မများအနေဖြင့် နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီး သင်ပညာရေးကျောင်းဝင်း ရှေ့ တွင် ဖွင့်လှစ်ထားသည့် လူထုမီးဖိုဆောင်တွင် ထင်းအစားထိုးလောင်စာဖြစ်သည့် LPG ကို အသုံးပြုပြီး အခမဲ့ လာရောက်ချက်ပြုတ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

LPG အသုံးပြုခြင်းဖြင့် ထင်းအသုံးပြုမှုကို လျှော့ချနိုင်ရန် ရည်ရွယ်သည်ဟု မီးဖိုဆောင်ကို ဦးဆောင်ဖွင့်လှစ်ခဲ့သည့် ပါရမီစွမ်းအင်အုပ်စုမှ သိရသည်။ 

“သစ်တောပြုန်းတီးမှုတွေကို ကြည့်မယ်ဆိုရင် မီးဖိုဆောင်အတွက် သစ်တောတွေ ခုတ်တာကလည်း တော်တော်ကို ဆိုးရွားတဲ့ အနေအထားမှာရှိနေပါတယ်။ လွတ်လပ်ရေး မရခင်ကာလတုန်းက မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဧရိယာဟာ ၆၀ ရာခိုင်နှုန်း ရှိပြီး အခုအချိန်မှာတော့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ကျန်ရှိတော့တဲ့ အခြေအနေဖြစ်ပါတယ်။ နောက်ပြီးတော့ လျှပ်စစ်မီးသုံးစွဲမှုကို ကြည့်ရင်လည်း နိုင်ငံတော်က နှစ်စဉ် ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံစိုက်ထုတ်နေရပြီး ဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံရဲ့ အသုံးစရိတ်တွေက ပိုမိုများပြားနေပါတယ်”ဟု ပါရမီစွမ်းအင်အုပ်စု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးပြည့်ဝထွန်းက ပြောသည်။

အဆိုပါ လူထုမီးဖိုဆောင်တွင် ဟိုပုံးတစ်မြို့နယ်လုံးမှ လာရောက် အသုံးပြုနိုင်သည်ဟု သိရပြီး ပါရမီစွမ်းအင် အုပ်စုမှ ၃ လ ခန့် အခမဲ့ အသုံးပြုခွင့်ပေးမည်ဖြစ်ကာ နောက်ပိုင်းတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အသုံးပြုသွားနိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။

“ဒီလူထုမီးဖိုဆောင် တစ်ခုအပြင် နောက်ထပ် ထပ်မံဖော်ဆောင်မယ့် လူထုမီးဖိုဆောင် တွေ ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် အလျှူရှင်တွေကိုပဲ စောင့်နေဖို့ မလိုပါဘူး။ အိမ်ရှင်မတွေထဲက တစ်ဦးဦးက ဦးဆောင်ပြီး ဒီမှာ လာရောက်ချက်ပြုတ်ကြမယ့် အိမ်ရှင်မတွေဆီက (ဥပမာ) တစ်နာရီချက်ရင် ဘယ်လောက်ဆိုပြီး ငွေကြေး အနည်းငယ်ကောက်ခံရုံနဲ့ နောက်ထပ်လိုအပ်လာမယ့် အရာတွေကို ဖြည့်ဆည်းရင်းနဲ့ ရေရှည်မှာ စဉ်ဆက်မပြတ် လည်ပတ်ပြီးတော့ အောင်မြင်တဲ့ စီမံကိန်းတစ်ခု ဖြစ်လာမယ်လို့ မြင်မိပါတယ်” ဟု ဦးပြည့်ဝထွန်းက ပြောသည်။

အလားတူ လူထုမီးဖိုဆောင်များကို အခြားဒေသများတွင် တည်ထောင်သွားရန် ရှိနေပြီး လာမည့် ၂၀၁၉ ခုနှစ် တွင် မကွေးတိုင်းဒေသကြီးတွင်လည်း တည်ထောင်သွားရန် ရှိနေသည်။

လာရောက်ချက်ပြုတ်သူ ဒေသခံအမျိုးသမီးဖြစ်သော ဒေါ်နန်းနွယ်က “ဒီနောင်တောင်းကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပါတယ်။ ဒီလူထုမီးဖိုဆောင်မှာ ဒီကျေးရွာတင်မကဘဲ ဟိုပုံးတစ်မြို့နယ်လုံးက အိမ်ရှင်မတွေ လာရောက် ချက်ပြုတ်လို့ရပါတယ်။ ကျွန်မတို့အနေနဲ့ အရင်ကတော့ ထင်းမီးဖို သုံးပါတယ်။ အခု ဂတ်စ်မီးဖို ပြောင်းသုံးတဲ့ အခါကြတော့ သုံးလည်း ကောင်းပါတယ်။ ကျန်းမာရေးရော၊ သန့်ရှင်းမှုရော အကုန်ကောင်းတယ်” ဟု ဆိုသည်။

လူထုမီးဖိုဆောင် (Community Kitchen) ဖွင့်ပွဲသို့ ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဦးဆောင် သော ပြည်နယ်အစိုးရအဖွဲ့၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကမ္ဘာလုံးဆိုင်ရာ LPG အဖွဲ့၏ Cooking for Life မှ Communication Director ဖြစ်သူ Ms. Alison Abbott ၊ သဘာဝ ပတ်ဝန်းကျင် လေ့လာဆန်းစစ်သူများ၊ အထူးဖိတ်ကြားထားသော ပြည်တွင်း/ပြည်ပ ဧည့်သည်များ၊ ဒေသခံတိုင်းရင်းသားများ နှင့် ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စုတို့မှ စုစုပေါင်း လူဦးရေ ၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

ကျေးလက်ဒေသများတွင်  ထင်း၊ မီးသွေးဖြင့် ချက်ပြုတ်ခြင်းဖြင့် ညစ်ညမ်းသည့် မီးခိုးငွေ့မှတဆင့် အဆုတ် လမ်းကြောင်းနှင့် ပတ်သက်သည့် ရောဂါများ ဖြစ်ပေါ်နိုင်ခြင်း၊ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူဦးရေ၏ (၄ဒသမ၃) သန်းသည် အရွယ်မတိုင်မီ သေဆုံးနေကြသည့်အတွက် ရေနံဓာတ်ငွေ့ရည် (LPG) အသုံးပြုခြင်းဖြင့် ယင်းပြသာနာကို ဖြေရှင်းပေးနိုင်ကြောင်း World LPG Association –WLPGA ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ဒေသတွင်းအာဆီယံနိုင်ငံများ အပါအဝင် တရုတ်နှင့် အိန္ဒိယနိုင်ငံများတွင်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် LPG (သဘာဝရေနံဓာတ်ငွေ့ရည်) ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက် ရှိသော်လည်း မြန်မာနိုင်ငံရှိ အိမ်ထောင်စု ၁၀ သန်းတွင် အိမ်ထောင်စု ၃ သိန်းမှ ၅ သိန်းဝန်းကျင်သာ LPG ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly