ကမ်းပါးပြိုမှုများ ဖြစ်ပွား၍ အိမ်ခြေ (၂၀၀)ကျော်ခန့် ပြောင်းရွှေ့ရ

ကမ်းပါးပြိုမှုများ ဖြစ်ပွား၍ အိမ်ခြေ (၂၀၀)ကျော်ခန့် ပြောင်းရွှေ့ရ

မကွေး၊ နိုဝင်ဘာ ၁၂ ။            ။ ပခုက္ကူမြို့နှင့် ရေစကြိုမြို့တို့ရှိ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် ဆုံသည့်နေရာများ၌ ကမ်းပါးပြိုမှုများ ဖြစ်ပွား၍ အိမ်ခြေ(၂၀၀)ကျော်ခန့်ရွှေ့ပြောင်းနေထိုင်နေရကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံ ခန့်ခွဲရေး ဌာနမှ သိရသည်။

အဆိုပါ ကမ်းပါးပြိုမှုများကို ယခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများအတွင်း ဖြစ်ပွားခဲ့ပြီး ရွှေ့ပြောင်း ခဲ့ရသော အိမ်ထောင်စုများအတွက် နေထိုင်စရာနေရာများကို အစိုးရမှ စီမံပေးထားကြောင်း မကွေးတိုင်း ဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက သိရသည်။

“ကမ်းပါးပြိုမှုတွေဖြစ်ပွားတဲ့အတွက် ကျွန်တော်တို့အနေနဲ့လုပ်ဆောင်ပေးနိုင်တာကတော့ရွှေ့ပြောင်းစရိတ် တစ်အိမ်တစ်သိန်းနှုန်း ဆန်ရိက္ခာဖိုး (၇)ရက်စာတစ်ဦး(၂၁၀၀)နှုန်း ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးကိုလည်း ထောက်ပံ့ပေးပါတယ်” ဟု ဦးမြင့်စိုးကဆိုသည်။

ကမ်းပါးပြိုမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာအစိုးရထံတင်ပြပေးမှုများဆောင်ရွက်ပေးနေကြောင်း ကျေးရွာများ တွင် ကမ်းပါးပြိုမှုကြောင့် အိမ်ခြေတစ်လုံးရွှေ့ရလျှင်တစ်လုံး ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့်မြို့နယ် ခရိုင် တိုင်းအဆင့်ဆင့်သို့ စာရင်းတက်ကြောင်း ရေစကြိုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်(၂)မှ ဦးမင်းဟန် ကပြောသည်။

“ဘေးအန္တရာယ်နဲ့ပတ်သက်ပြီးစည်းမျဉ်းစည်းကမ်းတွေအတိုင်းထောက်ခံအတည်ပြုပေးပါတယ်။ ကမ်းပါး ပြိုတာနဲ့ပတ်သက်ပြီးအသက်အန္တရာယ်အဖြစ် ဆုုံးရှုံးမှုတော့မရှိသေးပါဘူး။ ကမ်းပြိုတဲ့ဘေးအန္တရာယ်က ဖြစ်လေ့ဖြစ်ထရှိတဲ့အတွက်ပြည်သူလူထုအနေနဲ့သတင်းကြိုတင်ရရှိပြီးတာနဲ့ကြိုတင်ပြင်ဆင်ထားမယ််ဆိုရင် ဘေးအန္တရာယ်ကင်းမှာဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်စိုးကပြောသည်။

ကမ်းပါးပြိုမှုကြောင့် ရွှေ့ပြောင်းရသည့် အိမ်ထောင်စုများအတွက် တိုင်းဒေသကြီးအစိုးရနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက လာရောက်ထောက်ပ့ံမှုများရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် ဆုံသည့်နေရာများရှိကျေးရွာများတွင် နှစ်စဉ် ရေတက်ချိန်နှင့်ရေကျ ချိန်များ၌ ကမ်းပါးပြိုမှုများ ဖြစ်ပွားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly