မင်္ဂလာဒုံတွင် ဆီဘောက်ဆာယာဉ် ဘရိတ်ပေါက်ကာ ယာဉ် ၇ စီး ဆင့်တိုက်မှု ဖြစ်ပွား

မင်္ဂလာဒုံတွင် ဆီဘောက်ဆာယာဉ် ဘရိတ်ပေါက်ကာ ယာဉ် ၇ စီး ဆင့်တိုက်မှု ဖြစ်ပွား
ဓာတ်ပုံ- ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့

ရန်ကုန်၊ နိုဝင်ဘာလ ၁၂ ။        ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမကြီးပေါ်တွင် ဆီတင်ဘောက်ဆာယာဉ်မှ ဘရိတ် ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ယာဉ် ၇ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်း ရရှိသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီအချိန်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ ဆီတင်ဘောက်ဆာယာဉ်မှာ ဒီဇယ်စက်သုံးဆီ တင်သည့်ယာဉ်ဖြစ်ပြီး ယာဉ် မောင်းဖြစ်သူမှာ ထွက်ပြေးသွားကြောင်းသိရသည်။

“အဲ့ဒီ ဘောက်ဆာကားက အပေါ်ကဆင်းလာတဲ့အချိန်မှာ ဘရိတ်ပေါက်ပြီးတော့မှ အကုန်ဝင် တိုက်တယ် ပြောတယ်။ ပတ်ဝန်းကျင်ပြောပြချက်ပေါ့။ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ အဲ့ဒီဘောက်ဆာယာဉ်မောင်း ကတော့ ထွက်ပြေးသွားတယ်လို့ သိရတယ်”ဟု ယာဉ်တိုက်မှုအား သွားရောက်ကူညီပေးခဲ့သည့်  ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ဦးထင်လင်းအောင်က မဇ္စျိမသို့ အတည်ပြုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အနီးဝန်းကျင်ရှိ ပြည်သူများမှ ကူညီကယ်ဆယ်မှုများ ပြုလုပ်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ကားမီးလောင်မှု မဖြစ်စေရေးအတွက် မီးသတ်ယာဉ်ဖြင့်ရေများအသုံးပြုကာ မီးဘေးကာကွယ်မှုများလည်း လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

 “ မီးခိုးတွေထွက်နေတာပေါ့။ ကားတိုက်လိုက်တော့ ဘတ်ထရီခေါင်းတွေ ဘာတွေကနေပြီးတော့မှ မီးခိုးတွေ ထွက်တယ်။ အဲ့ဒါတွေကို ကိုယ်တို့ငြိမ်းတာပေါ့။ ဘောက်ဆာကိုစစ်ကြည့်တော့ ဒီဇယ်ဘောက်ဆာဖြစ်နေတယ်။ 92 တင်တဲ့ ဘောက်ဆာမဟုတ်ဘူး။ ယာဉ်မှူးစစ်ရောက်လာပြီး ကားတွေကို မှတ်တမ်းတင်၊ ပြီးတော့ ဘေးဆွဲ ချလို့ ရတဲ့ကားတွေ ဘေးဆွဲချတာပေါ့။ ဆီဘောက်ဆာကားကတော့ ခေါင်းတစ်ခုလုံးကြေသွားတော့ တော် တော်လေးရွှေ့ရမှာခက်မယ်။ နောက်မှာ ဆီဝိတ်လည်းပါနေတော့ ”ဟု ယာဉ်တိုက်မှုဖြစ်ပွားမှု နောက်ဆက်တွဲ အခြေအနေကို ဦးထင်လင်းအောင်က ဆက်လက်ပြီး ရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly