ခွေးလေခွေးလွင့်များအား အဆိပ်ကျွေးသုတ်သင်သော နည်းလမ်းမှာ နည်းလမ်းကောင်းမဟုတ်ဟုဆို

ခွေးလေခွေးလွင့်များအား အဆိပ်ကျွေးသုတ်သင်သော နည်းလမ်းမှာ နည်းလမ်းကောင်းမဟုတ်ဟုဆို
Photo-AFP

ရန်ကုန်၊ နိုဝင်ဘာလ ၁၂ ။           ။ ခွေးလေခွေးလွင့်များအား အဆိပ်ကျွေးသုတ်သင်သော နည်းလမ်းမှာ နည်းလမ်းကောင်းမဟုတ်ကြောင်း ရှာဖွေ တွေ့ရှိထားသည်ဟု ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ထိုးပေးခြင်း လုပ်ငန်းများဆောင်ရွက်နေသည့် မင်္ဂလာ မြန်မာအဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက မဇ္စျိမသို့ပြောသည်။

" ဘာဖြစ်လို့လဲဆိုတော့ ခွေးတွေရဲ့ သူ့တို့ထဲမှာရှိတဲ့ စိတ်အရကိုက အဆိပ်ကျွေးပြီးတော့ ခွေးတွေကို သတ် လိုက်မယ်ဆိုရင် ရုတ်တရက်ကြီးခွေးတွေက ပျောက်ကွယ်သွားတာဖြစ်ပါတယ်။ အဲ့ဒါကို မသေဘဲနဲ့ ကျန်ခဲ့တဲ့ ခွေးတွေက မြင်ပြီး သူတို့ရဲ့ မွေးဖွားနှုန်းဟာ ပြန်လည်ပြီးတော့ မြင့်တက်လာပါတယ်။ ဒါကြောင့်မို့လို့ ခွေး အကောင် ၁ဝဝ မှာ ၅ဝ ကို အဆိပ်ကျွေးပြီးသတ်လိုက်မယ်ဆိုရင် ကျန်တဲ့ ၅ဝ က မြန်မြန်ပြန်ပြီးတော့ မွေးဖွား လိုက်တဲ့အတွက် ၁ဝဝ ပြန်ဖြစ်သွားမှာပါ"ဟု ဒေါက်တာဖုန်းဝင်းက ဆိုသည်။

အဆိုပါ အချက်များကြောင့် ခွေးများအား အဆိပ်ကျွေးသုတ်သင်ခြင်းမှာ ကမ္ဘာ့ပေါ်တွင် အလုပ်မဖြစ်သလို နိုင်ငံ အများအပြားတွင် ကျင့်သုံးခဲ့သော်လည်း ယင်းနည်းလမ်းမှာ ရက်စက်သည့်နည်းလမ်းဖြစ်သည့်အပြင် အမှန် တကယ်တွင် အကောင်ရေလျော့ပါးသွားခြင်းမရှိသည့်အတွက် အဆိပ်ကျွေးသုတ်သင်သော နည်းလမ်းကို လက်ရှိတွင် အသုံးမပြုတော့ကြောင်း မင်္ဂလာမြန်မာအဖွဲ့အစည်းမှ သိရသည်။

" ကျွန်တော်တို့ အခုသုံးနေတဲ့ နည်းလမ်းကတော့ ကျွန်တော်တို့အဖွဲ့လည်း တခြားနိုင်ငံတွေမှာတော့ လုပ်ပါ တယ်။ ဒီနိုင်ငံမှာလည်း လုပ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားပါမယ်။ ဒီ သားကြောဖြတ်ပြီးတော့ ခွေးတွေကို ထားလိုက်မယ်ဆိုရင် မျိုးပွားနည်းကျသွားပြီးတော့ ရေရှည်မှာ အကောင်ရေ ဖြည်းဖြည်း၊ ဖြည်းဖြည်းနဲ့ လျော့ပါး သွားတယ်။ ဒါပေမယ့် ဒါကို ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ လုပ်ရမယ့် လုပ်ငန်းစဉ်ဖြစ်ပါတယ်"ဟု မင်္ဂလာမြန်မာ အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက မဇ္စျိမသို့ ပြောသည်။

အဆိုပါ သားကြောဖြတ်သည့်နည်းလမ်းအား အနည်းဆုံး ၁ဝ နှစ်၊ ၁၅ နှစ်စီမံကိန်းဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုသို့ လုပ်ဆောင်နိုင်ပါက မြန်မာနိုင်ငံအတွင်း လေလွင့်ခွေးအရေအတွက်အား ထိန်းချုပ်သွားနိုင်မည်ဖြစ် ကြောင်း ဒေါက်တာဖုန်းဝင်းက ပြောပြသည်။

" ဒါကြောင့်မို့လို့ အဲ့ဒီနည်းလမ်းကို သုံးပြီးတော့ လုပ်ဖို့ ကျွန်တော်တို့ကြိုးစားပါမယ်။ ဒီနည်းလမ်းက မှန်ကန်တဲ့ နည်းလမ်းလည်းဖြစ်တယ်။ ရက်စက်မှုလည်းမရှိဘူး။ ဒါကိုတော့ ကြိုးစားပြီးတော့ စမ်းသပ်ဆောင်ရွက်ဖို့ အစီ အစဉ်ရှိပါတယ်"ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ခွေးကောင်ရေ ၄ သန်းရှိပြီး ရဝ ရာခိုင်နှုန်းမှာ ခွေးလေခွေးလွင့်ဖြစ်ကြောင်း၊ ၂ဝ၁၇ ခုနှစ် မှတ်တမ်းများအရ လူဦးရေ ၆,၂ဝဝဝ သည်ခွေးကိုက်ခံခဲ့ရပြီး ခွေးကိုက်ခံရသူ ၁ဝဝဝ ခန့်တွင် ခွေးရူးရောဂါပိုး တွေ့ခဲ့ရကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ခန့်မှန်းတွက်ချက်မှုအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly