The Women of the Future Awards Southeast Asia ဆု ဆန်ခါတင်စာရင်းတွင် မြန်မာအမျိုးသမီး ၇ ယောက် ပါဝင်နေ

The Women of the Future Awards Southeast Asia ဆု ဆန်ခါတင်စာရင်းတွင် မြန်မာအမျိုးသမီး ၇ ယောက် ပါဝင်နေ
၂၀၁၈ မတ်လက ပြုလုပ်ခဲ့သော ဆုပေးပွဲတွင်  ဆုချီးမြှင့်ခံရသော အမျိုးသမီး ၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ- womenofthefuture.co.uk

နိုဝင်ဘာ ၁၂ ။          ။ နယ်ပယ် ၁၀ ခုမှ အမျိုးသမီးများကို နိုင်ငံ ၁၀ ခုမှ ရွေးချယ်ပြီး ဆု ချီးမြှင့်မည့် The Women of the Future Awards Southeast Asia ဆု ဆန်ခါတင်စာရင်းတွင် မြန်မာနိုင်ငံမှ  အမျိုးသမီး ၇ ယောက် ပါဝင်နေကြောင်း တွေ့ရသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်က ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့ရှိ  နယ်ပယ် ၁၀ ခုမှ ဆန်ခါတင် အမျိုးသမီး ၅၄ ယောက်ကို ရွေးချယ်ထားကြောင်း Women of the Future (WOF)မှ ကြေညာထားခဲ့ခြင်း ဖြစ်သည်။ 

ပေးအပ်မည့် ဆု ၁၀ ဆုမှာ Arts & Culture (အနုပညာနှင့်ယဉ်ကျေးမှု)၊ Business( စီးပွားရေး)၊ Community Spirits & Public Service၊ Entrepreneur(စွန့်ဦးတီထွင်သူ)၊ Media & Communications၊ Property, Construction & Infrastructure ( အိမ်ခြံမြေ၊ဆောက်လုပ်ရေး)၊ Professions၊ ၊ Science, Technology and Digital( သိပ္ပံနှင့်နည်းပညာ)၊ Social Entrepreneur (ဆိုရှယ်စွန့်ဦးတီထွင်သူ)၊ Mentor အစရှိသည့်ကဏ္ဍများ အတွက် ဖြစ်သည်။ 

" မတူညီကွဲပြားတဲ့ အရည်အချင်းရှိ အမျိုးသမီးငယ်တွေ၊ လှုံ့ဆော်အားပေးနိုင်စွမ်းရှိတဲ့ Mentors တွေ၊ ဒီနှစ် ဆုတွေအတွက် အမည်စာရင်း သွင်းခံရတဲ့အမျိုးသမီးတွေကို ခုလောက်အများကြီး တွေ့ရတော့ တကယ့်ကို ကျေနပ်အားရမိပါတယ်။ ဆန်ခါတင်စာရင်းမှာ ပါဝင်သူအားလုံးဟာ အခြားသူတွေကို စွမ်းအားမြှင့်တင်ပေးဖို့၊ လမ်းသစ်တွေအတိုင်း ရှေ့ဆက်တိုးဖို့အတွက် မမောနိုင်၊ မပန်းနိုင် လုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ နောက်ပြီး သူတို့တွေဟာ အပေါင်းလက္ခဏာဆောင် ပြောင်းလဲမှုတွေ ဖြစ်စေဖို့အတွက် ထုံးတမ်းအစဉ်အလာ အရိုးစွဲနေတဲ့ ပုံစံကားချပ်တွေကို စိန်ခေါ်ဖို့ ဘယ်တုန်းကမှ မကြောက်ရွံ့ခဲ့ကြပါဘူး။ ဒီတော့ သူတို့ရဲ့ အောင်မြင်မှုတွေကို ချီးကျူးဂုဏ်ပြုပေးနိုင်မယ့် ပလက်ဖောင်းတစ်ခု သူတို့ကို  ဝမ်းမြောက်ဝမ်းသာ ပေးသွားမှာဖြစ်ပါတယ်" ဟု Pinky Lilani CBE DL (Founder, Women of the Future (WOF) Programme က ပြောသည်။ 

အဆိုပါ ဆန်ခါတင်စာရင်းတွင်ပါဝင်သူအမျိုးသမီးများမှာ အသက် ၃၅ နှစ်နှင့်အောက် ဖြစ်ကြပြီး ငယ်ရွယ်ကာ သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ထူးချွန်သူများကို ရွေးချယ်ချီးမြှင့်ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံမှ Business ( စီးပွားရေး)တွင် ဒေါက်တာသိင်္ဂီဝေ( Founder and Chief Executive Officer, Global Assistant Co.,Ltd) ၊ Entrepreneur(စွန့်ဦးတီထွင်သူ)ကဏ္ဍတွင် ဒေါ်ပို့ပို့ကြည် ( Founder/ Managing Director, Myanmar Imperial University) နှင့် ဒေါ်ဇာဖြူတင့်လွင်( Co-Founder & CEO, KoneSi) ၊ Community Spirits & Public Service တွင် ဒေါ်အေးသီရိကျော် ( Writer, Researcher, Humanitarian ) ၊ Professions တွင် ဒေါ်သဥ္စာရွှန်းလဲ့ရည် ( Youth Advocate & TV Host, Under 30 Dialogue TV Show) ၊ Science, Technology and Digital( သိပ္ပံနှင့်နည်းပညာ) ကဏ္ဍတွင် ဒေါ်သက်မွန်အေး ( Founder, Star Ticket (Ignite Software Solutions) နှင့် ဒေါ်ရွှေယမင်းဦး( CEO, Recyglo)  တို့ ပါဝင်နေခြင်း ဖြစ်သည်။

လာမည့် ဒီဇင်ဘာလ ၅ ရက်တွင် စင်ကာပူ၌ ဆန်ခါတင်စာရင်းပါဝင်သူများကို ကဏ္ဍအလိုက်ကျွမ်းကျင်သူ ဒိုင်လူကြီးများက အင်တာဗျူးမေးမြန်းကာ ဆုရွေးချယ်ရန် ဆုံးဖြတ်မည် ဖြစ်သည်။ ဆုရရှိသူအမျိုးသမီးများ အနေဖြင့် Women of the Future (WOF) နက်ဝပ်ခ်အပါအဝင် အခြား ကမ္ဘာလုံး ဆိုင်ရာ အမျိုးသမီးအရေးနှင့် ပတ်သက်သော အခွင့်အလမ်းများရရှိနိုင်မည်ဟု ဖော်ပြထားသည်။ 

အဆိုပါ The Women of the Future Awards Southeast Asia ၂၀၁၉ ဆုကိုတော့ လာမည့်နှစ် မတ်လတွင် ကြေညာမည် ဖြစ်ပြီး စင်ကာပူနိုင်ငံ၊ ဟီတန်လ်ဟိုတယ်တွင် Gala Dinner နှင့်အတူ ကျင်းပမည် ဖြစ်သည်။ 

WOF ကို ၂၀၀၆ ခုနှစ်က Pinky Lilani CBE DL နှင့် Cherie Blair CBE တို့က တည်ထောင်ခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် အောင်မြင်မှုရရှိနေသော အမျိုးသမီးများကို ရွေးချယ်ဆုချီးမြှင့်နေခြင်း ဖြစ်သည်။

၂၀၁၈ အတွက် ဆုပေးပွဲတွင် Community Spirit & Public Service ကဏ္ဍတွင်  မြန်မာနိုင်ငံမှ ဒေါ်ဖြူနှင်းငြိမ်း (General Manager, Farm Advisory Services, Proximity Designs) မှ ဆုရရှိခဲ့ပြီး ယခုနှစ်တွင် WOF မှ Mentor တစ်ဆု ထပ်မံတိုးမြှင့်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly