ကယားဝန်ကြီးချုပ်၏ ကက်သလစ်သာသနာ့မြေ အငြင်းပွားမှု NLD ပါတီစည်းကမ်းနှင့်အညီအရေး ယူမည်

ကယားဝန်ကြီးချုပ်၏ ကက်သလစ်သာသနာ့မြေ အငြင်းပွားမှု NLD ပါတီစည်းကမ်းနှင့်အညီအရေး ယူမည်

ရန်ကုန် နိုဝင်ဘာ ၁၂ ။           ။ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရ်ိှု၏ ကက်သလစ်သာသနာ့ပိုင်မြေ အငြင်းပွားမှုကိစ္စအား ပါတီ၏ စည်မျဉ်းစည်းကမ်းနှင့်အညီ အရေးယူသွားမည်ဟု NLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

"ကျွန်တော်တို့ပါတီမှာ ဒါနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ မူရှိပါတယ်။ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာ ကို လုပ်သွားမှာပါ။ မကြာမီ သိရတော့မှာပါ။ ကျွန်တော်ဒီလောက်ပဲ ပြောပါရစေ" ဟု NLD ပါတီ၏ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် သူ၏မဲဆန္ဒနယ်ဖြစ်သော မယ်စဲ့မြို့နယ်ရှိ ယေဇူး ရွှေ နှလုံးတော် ကက်သလစ်ဘုရားရှိခိုးကျောင်း၏ မြေဧရိယာ ဧကဝက်ခန့်ကို သိမ်းယူထားသည် ဟု အစွပ်စွဲ ခံထားရသည်။

အသက် ၃၉ နှစ်အရွယ် ဝန်ကြီးချုပ်သည် ၂ဝ၁၅ ရွေးကောက်ပွဲအပြီးတွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သူဖြစ်ပြီး ၂ နှစ် အကြာတွင် မြေကွက်တစ်ခုအတွက် ဂရန်ရရှိရန် ဆောင်ရွက်ခဲ့ကာ သူ၏ခြံမြေအဖြစ် အမည်ဖောက်ခဲ့ရာတွင် အဆိုပါ သာသနာ့ပိုင်မြေအချို့ပါဝင်ခဲ့သည်ဟု မယ်စဲ့တိုက်နယ်၊ လွိုင်ကော်ကက်သလစ် သာသနာပြု အဖွဲ့က စွပ်စွဲထားခြင်း ဖြစ်သည်။ အဆိုပါ သာသနာပြုအဖွဲ့က ဘုရားကျောင်းမြေအငြင်းပွားမှုကိစ္စကို ဖြေရှင်းပေးရန် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့်အပြင် NLD ဗဟိုသို့လည်း တိုင်ကြားခဲ့သည်။

ထို့နောက် နိုဝင်ဘာလ (၁၁) ရက်နေ့က ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့တိုက်နယ်ရှိ ယေဇူးရွှေ နှလုံးတော်ဘုရားရှိခိုးကျောင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့များနှင့် သင်းအုပ်ဆရာများသည် မြေယာကိစ္စ အငြင်းပွားနေမှုကို နှစ်ဘက်ညှိနှိုင်းခဲ့ကြသည်။ အဆိုပါ ညှိနှိုင်းနေမှုနှင့် ပတ်သက်၍ ကယားပြည်နယ်ဝန်ကြီးချုပ်ကို မေးမြန်းခဲ့သော်လည်း မီဒီယာများကို ပြန်လည်ဖြေကြား ခဲ့ခြင်း မရှိခဲ့ပေ။

"အပေါ်က ဆွေးနွေးပေးတဲ့အတိုင်း ဆုံးဖြတ်တာကို ကျွန်တော်လည်း လက်ခံတယ်။ သူလည်း လက်ခံမယ်ပေါ့။ အပေါ်ကဆိုတာ NLD ကပါ။ တိုင်ကြားစာများကို တာဝန်ယူထားတဲ့ သူပါတယ်။ ကျွန်တော်တို့ သူ့လည်း သွားတွေ့ခဲ့ပါတယ်။ သူကလည်း ပြောထားတဲ့အတိုင်း ကြားဖြတ်ရွေးကောက်ပွဲပြီးရင် လုပ်ပေးမယ်လို့ ပြော ထားတာကို ဝန်ကြီးချုပ်လည်းစောင့်မယ်။ "ဟု လွိုင်ကော် ကက်သလစ်သာသနာ၊ မယ်စဲ့တိုက်နယ်၊ ကျောင်းထိုင်ဘုန်းတော်ကြီး ရစ်ချက်သူရထွန်း က ပြောသည်။

" ဘေးကလည်း ဝိုင်းဝန်းကူညီကြဖို့ပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ၂ ယောက်ချင်းပဲ ဆွေးနွေး တာထက် အများသဘောထားနဲ့ဆွေးနွေးပြီး အများသဘောထားနဲ့ ဆုံးဖြတ်စေချင်တယ်။ အထူးသဖြင့် အထက်ကတာဝန် ရှိသူတွေကလည်း အများနဲ့လာဆွေးနွေးပြီး မြေပြင်ထိလာကြည့်ပြီးတော့ ဆုံးဖြတ်ပေးစေချင်တယ်။"ဟု ကျောင်းထိုင်ဘုန်းတော်ကြီး ရစ်ချက်သူရထွန်း က ဆက်ပြောသည်။

အငြင်ပွားမှုဖြစ်ပွားနေသော မြေနေရာသည် ၁၉၉၄ ခုနှစ်က ကက်သလစ်သာသနာ့မြေနေရာအဖြစ် သတ်မှတ်ပေးခဲ့ပြီး မယ်စဲ့မြို့နယ် မြေစာရင်းဌာနက မြေစာရင်း ပုံစံ (၁၀၅) ထုတ်ပေးထားသည့် မြေနေရာဖြစ်သည်။ သို့သော် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုသည် အောက်တိုဘာလ (၂၅) ရက်တွင် ခြံစည်းရိုးကာရံရန် အတင်းအဓမ္မ လုပ်ဆောင်ခြင်း၊ ကျောက်များလာချခြင်း တို့ ပြုလုပ်ခဲ့ကြောင်း ကက်သလစ် သာသနာအကျိုးဆောင်များက ဆိုသည်။

"ဝန်ကြီးချုပ်က လိုအပ်ရင် ပြန်လှူပေးမယ်လို့ပြောတယ်။ ဝန်ကြီးချုပ် အနေနဲ့က ကျွန်တော်မတရားယူထားတာ မဟုတ်ဘူး။ လုပ်ထုံး လုပ်နည်းအရပဲ ယူထားတယ်လို့ သဘောပေါက်တယ်။ ဒါကြောင့်မို့ သူခေါ်လာတဲ့ ဥပဒေ အရာရှိတွေမေးကြည့်ပါ လို့ ပြောတယ်။" ဟု လွိုင်ကော်သာသနာလုံးဆိုင်ရာအကျိုးဆောင် ကိုသားကြီး က ပြောသည်။

၂၀၁၄ ခုနှစ်၊ မေလတွင် မယ်စဲ့မြို့နယ်လက်ထောက် ပညာရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေသော ဦး အယ်ဖောင်းရှိုသည် ကက်သလစ်သာသနာ့မြေအတွင်း အရှေ့မြောက်ထောင့်ကုန်းစောင်းနေရာတွင် ခြံမြေ ပြုလုပ်ရန် ခြုံနွယ်သစ်ပင်များ ခုတ်ထွင် ရှင်းလင်းခဲ့ရာ အကျိုးဆောင်များက ကန့်ကွက်ခဲ့သော်လည်း လက်မ ခံဘဲ ခြံခတ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ၂၀၁၇ ခုနှစ်၊ မေလတွင် သာသနာမြေ ပါဝင်နေသော ၎င်း၏ခြံကို မြေညှိခြင်း၊ မြောင်းတူးခြင်း ပြုလုပ်ခဲ့ပြီး ကက်သလစ် ဘုန်းတော်ကြီး နှင့် သာသနာ့အကျိုးဆောင်အဖွဲ့များ၊ ကက်သလစ်ဘာသာဝင်များအား တရားဝင်အသိပေး သဘောထား ရယူခြင်း မရှိဘဲ ဝန်ကြီးချုပ် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ မြေပိုင်ဆိုင်မှု စာရွက်စာတမ်းများ တဖက်သတ် ပြုလုပ်၍ မတရား သိမ်းယူခဲ့ခြင်းသာ ဖြစ်ကြောင်း သာသနာ့ အကျိုးဆောင်အဖွဲ့ဝင်များက နိုဝင်ဘာလ (၈)ရက် နေ့ က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ ကို ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required