လွန်ကျွံတဲ့ အမျိုးသားရေးဝါဒရဲ့ အန္တရာယ်ကို ကမ္ဘာ့ထိပ်သီးအကြီးအကဲ သုံးဦး သတိပေး

လွန်ကျွံတဲ့ အမျိုးသားရေးဝါဒရဲ့ အန္တရာယ်ကို ကမ္ဘာ့ထိပ်သီးအကြီးအကဲ သုံးဦး သတိပေး
Photo: AFP

ပါရီ၊ နိုဝင်ဘာ ၁၂ ။    ။ ပထမကမ္ဘာစစ် ပြီးဆုံးခြင်း ရာပြည့်အခမ်းအနားမှာ ပြင်သစ်သမ္မတ မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်တို့က လွန်ကျွံတဲ့ အမျိုးသားရေးဝါဒရဲ့ အန္တရာယ်ကြီးမားတာကို သတိပေးပြောကြပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို နာမည်တပ်ပြီး ရည်ညွှန်းမပြောပေမယ့် သုံးဦးစလုံးရဲ့ ပြောဆိုချက်တွေဟာ ထရမ့်ရဲ့ ကမ္ဘာ့ရေးရာ သဘောထားတွေကို ဆန့်ကျင်ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

ပါရီငြိမ်းချမ်းရေးဖိုရမ်မှာ တနင်္ဂနွေနေ့က ၎င်းတို့သုံးဦး ပြောဆိုမှုတွေမှာ နိုင်ငံတကာစံနှုန်းတွေကို မျက်ကွယ်ပြုခြင်းရဲ့ အန္တရာယ် များပြားတာကို ပြောဆိုကြတာပဲ ဖြစ်ပါတယ်။

“ကျွန်မ စိုးရိမ်ပူပန်တာကတော့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ တစ်ကျော့ပြန် ခေါင်းထောင်လာမှာကိုပါပဲ။”လို့ ပါရီငြိမ်းချမ်းရေးဖိုရမ်မှာ စုဝေးရောက်ရှိတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို အိန်ဂျလာမာကဲလ်က ပြောလိုက်ပါတယ်။

ပထမကမ္ဘာစစ် ရာပြည့်ပွဲကို တက်ပေမယ့် ပါရီငြိမ်းချမ်းရေးဖိုရမ်ကို မတက်ဘဲ ပြန်သွားခဲ့တဲ့  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ‘အမေရိကန် ပထမ’ဆိုတဲ့ ကြွေးကြော်ဆောင်းပုဒ်နဲ့အတူ အမျိုးသားရေးဝါဒီအဖြစ် ဂုဏ်ယူပြောဆိုနေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly