ဆိုင်ကလုန်း မုန်တိုင်း"ဂါဂျာ"ကြောင့် မြန်မာနိုင်ငံဒေသအချို့တွင် မိုးရွာမည်

ဆိုင်ကလုန်း မုန်တိုင်း"ဂါဂျာ"ကြောင့် မြန်မာနိုင်ငံဒေသအချို့တွင် မိုးရွာမည်

နိုဝင်ဘာ ၁၁ ။          ။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း"ဂါဂျာ"(Gaja)သည် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့ဘက်မိုင် ၄၇၀ ခန့်နှင့် ဆရီဟာရီကိုတမြို့ (Sriharikota)၏ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၇၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေသောကြောင့် မြန်မာနိုင်ငံဒေသအချို့တွင် မိုးရွာသွန်းမှုများရှိနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။

ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းထွာချက် များအရ သိရသည်။

နိုဝင်ဘာလ ၁၂ ရက် မွန်းတည့်ချိန်အထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း၈၀ ဖြစ်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်  နေရာကွက်ကျား မိုးထစ်ချုန်း ရွာ၊ ရွာရန်ရာနှုန်း၈၀၊ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် နေရာကွက်ကျား မိုးထစ်ချုန်း၊ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး နောက် ၂ ရက် အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly