ဘင်္ဂါလီဒုက္ခသည် ၂၂ဝဝ ကျော် နိုဝင်ဘာဒုတိယအပတ်တွင်  ပြန်ဝင်လာမည်

ဘင်္ဂါလီဒုက္ခသည် ၂၂ဝဝ ကျော် နိုဝင်ဘာဒုတိယအပတ်တွင်  ပြန်ဝင်လာမည်

ရန်ကုန်၊ နိုဝင်ဘာလ ၁၁ ။            ။ ပြီးခဲ့သည့်နှစ် သြဂုတ်လခန့်က ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်စခန်းတွေ တိုက်ခိုက်ခံခဲ့ရမှု ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့်သူများအနက်မှ ဘင်္ဂါလီဒုက္ခသည် ၂၂၅၁ ဦးမှာ ပထမအသုတ်အနေဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်  ပြန်ဝင်လာမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားလိုက်သည်။

ပထမအသုတ်အနေဖြင့် ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီဒုက္ခသည် ၂၀၀၀ ကျော်ကို မောင်တော ငါးရခူ ရေကြောင်းဂိတ်စခန်းမှ ခေါ်ယူသွားမည်ဖြစ်ပြီး ပြန်လည်စီစစ်ရေးကို အဖွဲ့ ၅ ဖွဲ့ခွဲကာ မြန်မာဘက်မှ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။ 

" ပြန်ဝင်လာတဲ့သူတွေကို ပြန်ပြီးတော့ အထောက်အထားအချက်အလက်များနဲ့ ပြန်လည်စိစစ်တဲ့ကိစ္စလေး တွေလုပ်မယ်။ ဒါလည်း ကျွန်တော်တို့ လျင်လျင်မြန်မြန်ဖြစ်လာအောင် အဖွဲ့ ၅ ဖွဲ့ခွဲပြီးဆောင်ရွက်နိုင်အောင် လက်ရှိလုပ်ဆောင်နိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေတာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ တစ်ခါတည်း မိသားစု ၅ စု စီ၊ ၂၅ စု တရားဝင်ပြီးတော့ ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ထားတာတွေ့ရပါတယ်။ အဲ့ဒီနောက် NVC ကတ် လုပ်ဖို့တို့၊ အဲ့ဒါလုပ်ပြီးတာနဲ့ အဲ့ဒီမှာ နိုင်ငံသားလျှောက်ခွင့် တစ်ခါတည်း ရသွားမှာပါ။ သို့သော် နိုင်ငံသား ဖြစ်မှု၏ ဥပဒေအတိုင်း ကျွန်တော်တို့ သွားမှာဖြစ်ပါတယ်"ဟု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်၊ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်အစိုးရ၏ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များအတွက် လက်တွေ့မြေပြင် အကောင်အထည် ဖော်မှုများ အသင့်ဖြစ်မှုအခြေအနေများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည်များကို ပြန်လည်လက်ခံရေးစခန်းများဖြစ်သည့် မောင်တော တောင်ပြို လက်ဝဲနှင့် ငါးခူရစခန်း တို့တွင် ၂ ရက်ခန့်ထားရှိသွားမည် ဖြစ်ပြီး မူလက စီစဉ်ထားသည့် လှဖိုးခေါင်ကြားစခန်း တွင် ယာယီနေရာချသွားမည်ဖြစ်ကြောင်း၊ တစ်လစာ စားနပ်ရိက္ခာများ၊ ပညာရေး၊ ကျန်းမာရေး၊ မီးဖိုချောင် စားသောက်ကုန်များ အလွယ်တကူ ရရှိနိုင်သည့်အထိ မြန်မာအစိုးရဘက်မှ တာဝန်ယူသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

" ဒီလူတွေဟာ လှဖိုးခေါင်စခန်းမှာပဲနေရမှာလားဆိုတော့ မဟုတ်ပါဘူး။ အင်မတန်အရေးကြီးတဲ့ အချိန်ဖြစ် ပါတယ်။ ဒီစခန်းမှာ ခဏလေးပဲ နေရမှာပါ။ သူ့တို့အတွက် အခွင့်အရေးရှိတယ်။ ဒါတွေက ဘာတွေလဲဆိုတော့ သူတို့ရဲ့ လွတ်လပ်စွာ သွားလာခွင့်၊ မောင်တောဒေသအတွင်းမှာ အကယ်၍ လက်ထဲမှာ အထောက်အထား တစ်ခုရှိပြီ ၊ ဒါသည် NVC ကတ်ပဲ ဖြစ်ပါတယ်။ ဒီကတ်ရှိပြီဆိုရင် မောင်တောဒေသ အတွင်းမှာ သွားလာခွင့် ရမယ်ဆိုတာတော့ ကျွန်တော်တို့ အသေအချာ ဆောင်ရွက်ထားပြီးပြီ"ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

နှစ်နိုင်ငံ သဘောတူညီချက်အရ ယခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်က စတင်လက်ခံရန် ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ စီစစ်မှုများတွင် အချက်အလက်မပြည့်စုံမှုများကြောင့် ကြန့်ကြာနေခြင်းဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် တရားဝင် ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။

ပြီးခဲ့တဲ့့နှစ် သြဂုတ်လကုန်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်စခန်းတွေ တိုက်ခိုက်ခံခဲ့ရမှု ဖြစ်ပွားခဲ့ပြီး အစိုးရမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးသည့်နောက် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့  လူဦးရေ ၇ သိန်းခန့် ထွက်ပြေးသွားခဲ့သည်ဟု UN အချက်အလက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly