ကြားဖြတ်ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုအပေါ် ပြန်သုံးသပ်ရန် NLD က ကော်မတီဖွဲ့

ကြားဖြတ်ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုအပေါ် ပြန်သုံးသပ်ရန် NLD က ကော်မတီဖွဲ့
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၈ခုနှစ်)။ ။ ယခုလ ၃ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး လူထုထောက်ခံမှု အပါအဝင် ပါတီ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်နိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲရလဒ် သုံးသပ်ရေးကော်မရှင်တစ်ရပ်ကို အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဖွဲ့စည်းလိုက်သည်။

နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် နိုဝင်ဘာ ၁၁ရက် ညနေပိုင်းက ကျင်းပသည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့(စီအီးစီ)အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိုသို့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

“NLD အပေါ် ထောက်ခံမှု ကျတယ်ဆိုတာကတော့ ဒီဟာက ကျွန်တော်တို့ သုံးသပ်ရေးကော်မရှင် ကျွန်တော်တို့ ဖွဲ့လိုက်ပြီ။ အဲ့ဒါနဲ့ပြန်ပြီး အတိအကျ သုံးသပ်ပါမယ်” ဟု NLD ပါတီ၏ ဒုဥက္ကဋ္ဌ (၁) ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

အဆိုပါ ကော်မရှင်တွင် ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာမေဝင်းမြင့်၊ ဦးအောင်ကြည်ညွှန့်နှင့် ဒေါ်ကြူကြူသန်း အပါအဝင် အဖွဲ့ဝင် ၅ဦး ပါဝင်သည်ဟု ဆိုသည်။

မဲဆန္ဒနယ် ၁၃နေရာ ယှဉ်ပြိုင်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အာဏာရ NLD ပါတီက ၁ဝနေရာ အနိုင်ရရှိရန် မျှော်မှန်းခဲ့သော်လည်း ၇ နေရာသာ အနိုင်ရရှိခဲ့သည်။ ကျန် မဲဆန္ဒနယ်များကို အတိုက်အခံပါတီ ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၃ နေရာ၊ တိုင်းရင်းသားပါတီများက ၂ နေရာနှင့် တသီးပုဂ္ဂလက ၁ နေရာ အသီးသီး အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မျှော်မှန်းသလောက် အနိုင်မရခဲ့ခြင်းမှာ NLD ကိုယ်စားလှယ်လောင်းများတွင် အားနည်းမှုရှိခြင်း၊ ပါတီက ဖွဲ့ထားသည့် ‘စည်း’ အဖွဲ့များ၏ အားနည်းမှုရှိခြင်းနှင့် ရွေးကောက်ပွဲအတွက် စည်းရုံး၊ လှုပ်ရှားခွင့်ရှိသည့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၏ အားနည်းချက် ရှိခြင်းတို့ကြောင့်ဖြစ်သည်ဟုလည်း ဒေါက်တာ ဇော်မြင့်မောင်က သုံးသပ်သည်။

“ကျွန်တော်ကတော့ သင်ခန်းစာလို့ မြင်တယ်။ ၂၀၂ဝအတွက် ကျွန်တော်တို့ ပြင်ဆင်ချိန် ရတာပေါ့” ဟု ၎င်းက ဆိုသည်။

ယနေ့ကျင်းပသည့် စီအီးစီ အစည်းအဝေးတွင် ပါတီတွင်းကိစ္စများ၊ ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စများနှင့် ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့သည်ဟု NLD ပါတီ၏ ပြောရေဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က အစည်းအဝေး အပြီးတွင် ပြောခဲ့သည်။

“အမှားတွေ ဘယ်လိုပြင်မလဲ။ ဒီထက်ပိုကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ ကျွန်တော်တို့ တိုင်းနဲ့ပြည်နယ် အစိုးရအဆင့်ကနေ အောက်ခြေ ရပ်ကျေးပါတီဝင်အထိ အကုန်လုံးပါဝင်ရေး လုပ်ဆောင်မယ့်ကိစ္စတွေ၊ သင်တန်းတွေ ထပ်ပေးဖို့ ကိစ္စတွေ၊ နောက် ကျွန်တော်တို့ရဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ သုံးသပ်ရေးကော်မတီကို ဖွဲ့ပြီးတော့ လွတ်လွတ်လပ်လပ် ပြန်သုံးသပ်ဖို့ လုပ်ထားပါတယ်” ဟု ဒေါက်တာ မျိုးညွှန့်က ပြောသည်။

ယနေ့ကျင်းပသည့် စီအီးစီ အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဉာဏ်ဝင်း၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမျိုးညွှန့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးညီပုနှင့် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly