၅ နိုင်ငံ ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲ မန္တလေးတွင် ကျင်းပ

၅ နိုင်ငံ ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲ မန္တလေးတွင် ကျင်းပ

မန္တလေး၊ နိုဝင်ဘာ ၁၁ ။          ။ ဆုကြေးငွေ ကန်ဒေါ်လာ ၂၀၀၀ ထိချီးမြှင့်သော ၅ နိုင်ငံ ဖိတ်ခေါ် Criterium စက်ဘီးစီးပြိုင်ပွဲကို နိုဝင်ဘာလ ၁၁ ရက် နံနက် ၇ နာရီက မန္တလေးမြို့ ကျုံးမြောက် ဘက် ၁၂ လမ်း၊ (၆၆ လမ်း နှင့် ၇၃လမ်းကြား)တွင် ကျင်းပခဲ့သည်။

မျိုးဆက်သစ် စက်ဘီးစီးအားကစားသမားများ ပေါ်ထွက်လာရေး၊ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေးနှင့် စက်ဘီးစီးအားကစားကို လူအများ စိတ်ဝင်စားမှုမြှင့်တက်လာစေရေး ရည်ရွယ်၍ ငါးနိုင်ငံ ဖိတ်ခေါ် Criterium စက်ဘီးစီးပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ၅ နိုင်ငံ ဖိတ်ခေါ် Criterium စက်ဘီးစီးပြိုင်ပွဲတွင် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ နှင့် ထိုင်း တို့ပါဝင်ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံကိုယ်စားပြု လက်ရွေးစင် စက်ဘီးစီး အားကစားသမား ၄၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲ၌ International race under 23 နှင့် Local ပြည်တွင်း အလွတ်တန်း under 40 ပြိုင်ပွဲများတွင် အပတ်ရေ (၃၀) ယှဉ်ပြိုင်ရပြီး International races under 19 နှင့် Local ပြည်တွင်း Master 40 over ပြိုင်ပွဲတွင် အပတ်ရေ (၂၀) ယှဉ်ပြိုင်ရသည်။ International race ဖြစ်သည့်အတွက် တိကျ မှန်ကန်စေရန် ပြိုင်ပွဲဝင်များအားလုံး race sensor များတပ်ဆင်ထားပြီး UCI official ဒိုင် (Hong Kong) မှ Start & finish ကို စနစ်တကျ ဆောင်ရွက်ခဲ့သည်။

ပြိုင်ပွဲတွင် အမျိုးသား (၂၃)နှစ်အောက် နှင့် အမျိုးသား၊ အငယ်တန်း (၁၉)နှစ်အောက် ပြိုင်ပွဲတွင် ပထမဆု အမေရိကန် ဒေါ်လာ ၂၀၀၀ ၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၁၀၀၀၊ တတိယဆု  ၅၀၀ ကိုလည်းကောင်း၊ အလွတ်တန်းပြိုင်ပွဲတွင် ပထမဆု  ကျပ် ၅ သိန်း၊ ဒုတိယဆု ၃ သိန်း၊ တတိယဆု ၂ သိန်းကိုလည်းကောင်း၊ မာစတာတန်းပြိုင်ပွဲတွင် ပထမဆု ၃ သိန်း၊ ဒုတိယဆု ၂ သိန်း၊ တတိယဆု ၁ သိန်းကိုလည်းကောင်း ချီးမြှင့်ခဲ့သည်။

CRITERIUM စက်ဘီးစီးပြိုင်ပွဲသည် ကွင်းပတ် စက်ဘီးစီးပြိုင်ပွဲ (သို့) ကွင်းတွင်းပြိုင်ပွဲ ဖြစ်ပြီး မြို့တွင်းလမ်းမ များပေါ်တွင် သတ်မှတ်ထားသော ပြိုင်ပွဲလမ်းကြောင်းအတွင်း တစ်ပတ်ပြီးတစ်ပတ် တာတို စီးနင်းယှဉ်ပြိုင် ရသော စက်ဘီးစီးပြိုင်ပွဲတစ်မျိုး ဖြစ်ရာ တစ်ပတ်လျှင် (၁.၆)ကီလိုမီတာ ရှိသော ပြိုင်ပွဲလမ်းကြောင်း (Lap) တစ်ခုအတွင်း အပတ်ရေများစွာဖြင့် အမှတ်ပေးပြီး ယှဉ်ပြိုင်ရသော ပြိုင်ပွဲဖြစ်သည်။

ငါးနိုင်ငံဖိတ်ခေါ် Criterium စက်ဘီးစီးပြိုင်ပွဲတွင် မြန်မာနိုင်ငံရှိ စက်ဘီးစီးအားကစား ဝါသနာရှင်များ ကွင်းပတ် စက်ဘီးစီး ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲနိုင်ရန် အလွတ်တန်းပြိုင်ပွဲနှင့် မာစတာတန်းပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်၊ Myan Shwe Pyi Tractors Limited (MSP CAT)၊ O Store၊ TRINX Bike Shop နှင့် Joy Trading Co.Ltd တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly