ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲများတွင် ပါဝင်မှုအား KNU မှ ယာယီရပ်ဆိုင်းထားမည်

ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲများတွင် ပါဝင်မှုအား KNU မှ ယာယီရပ်ဆိုင်းထားမည်
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ၆ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအရေးပေါ်အစည်းအဝေးကို ဘားအံခရိုင်ရှိ လေးဝါးတွင် ပြုလုပ်နေစဉ်။ Photo -  Karen National Union Headquarters

နိုဝင်ဘာလ ၁၁ ။          ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်ဆွေးနွေးပွဲများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး၏ (၆) ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးမှ နိုဝင်ဘာလ ၁၀ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်မှ ၁၀ ရက်နေ့အထိ ဘားအံခရိုင်၊ လေးဝါးတွင် ပြုလုပ်ခဲ့သော အရေးပေါ် အစည်းအဝေးတွင် နေပြည်တော်၌ ( အောက်တိုဘာလ ၁၅-၁၆ရက်) ပြုလုပ်ခဲ့သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေး၊ အခင်းအကျင်းဖြစ်စဉ်နှင့် သဘောတူညီချက်များအား သုံးသပ်ခဲ့ကြသည်ဟု သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သော Stakeholders များအနေဖြင့် NCA အပေါ် နားလည်မှုများ ကွဲလွဲနေမှုများရှိရာ  ၎င်းကို ဖြေရှင်းရန်ထက်  ရှောင်ကွင်းပြီး မိမိနားလည်သလို အကောင်အထည် ဖော်နေသောကြောင့်  ရှုပ်ထွေးမှုများ ဆင့်ကဲဖြစ်ပေါ်နေပါသည်ဟု ပါရှိသည်။ 

ထို့သို့ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းညှိနှိုင်းနေသော်လည်း  အစိုးရဘက်နှင့် တပ်မတော်ဘက်မှ NCA သဘောတူ စာချုပ်တွင် ပါဝင်မှု မရှိသော ခွဲမထွက်ရနှင့် တစ်ခုတည်းသောတပ်မတော်ကိစ္စရပ်များ ဆွေးနွေးရန် တင်သွင်းလာကြောင်း၊ ယင်းသတ်မှတ်ချက်များကို လက်ခံပြီးမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် သဘောတူထားသော အကြောင်းအရာများကို ဆက်လက်ဆွေးနွေးမည် ဖြစ်နေပါကြောင်း၊ မိမိတို့အနေဖြင့် လုံခြုံရေးစနစ်ကို ကျေကျေလည်လည်ဆွေးနွေးပြီးမှသာလျှင် တစ်ခုတည်းသော တပ်မတော် ကဲ့သို့သောကိစ္စကို ဆက်လက်ဆွေးနွေးပါမည်ဟု ဖော်ပြပါရှိသည်။

အဆိုပါ ၆ ကြိမ်မြောက် အရေးပေါ်အစည်းအဝေးသို့ ဗဟိုအမြဲတမ်းကော်မတီဝင်များ၊ KNU မှ ကိုယ်စားလှယ် တပ်မှူးကြီးများ၊ အထူးဖိတ်ကြားထားသူများ စုစုပေါင်း ၈၈ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။ 

NCA လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် အဖွဲ့အတွင်းအခြေအနေများ ကြောင့် လတ်တလော ကျင်းပမည့် ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်မှုယာယီ ဆိုင်းငံ့ထားကြောင်း NRPC ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အောက်တိုဘာ ၂၇ ရက်စွဲ ဖြင့် စာပေးပို့ထားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly