ကယ်လီဖိုးနီးယား တောမီးကြောင့် သေဆုံးသူ ၂၃ ဦးထိ ရှိလာ

ကယ်လီဖိုးနီးယား တောမီးကြောင့် သေဆုံးသူ ၂၃ ဦးထိ ရှိလာ

နိုဝင်ဘာ ၁၁ ။          ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် သေဆုံးသူဦးရေဟာ ယခုဆိုရင် ၂၃ ဦးထိ ရှိသွားပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ ပြည်နယ် မီးသတ်သမားတွေဟာ ပြည်နယ်တွင်းက Butte ကောင်တီနဲ့ Los Angeles ဧရိယာတို့မှာ လောင်ကျွမ်းနေခဲ့တဲ့ တောမီးတွေကို အသည်းအသန် ငြှိမ်းသတ်နေခဲ့ကြရပါတယ်။

လက်ရှိအခြေအနေအရ တောမီးတွေကို မကြာခင် ထိန်းချုပ်ငြိှမ်းသတ်နိုင်ဖို့ မျှော်လင့်ချက်အနည်းငယ်တော့ ရှိနေကြောင်း၊ တစ်ချိန်တည်းမှာလည်းပဲ လေပြင်းနဲ့ ပူပြင်းခြောက်သွေ့ရာသီကတော့ ယခုသီတင်းပတ်ကုန်မှာ ကျရောက်လာဖို့ ရှိနေကြောင်း အမျိုးသား ရာသီဥတု စောင့်ကြည့်ရေး ဌာနက ပြောပါတယ်။

“ ခုအချိန်ထိ အလောင်း ၁၄ လောင်းကို ထပ်တွေ့ခဲ့ရတာကြောင့် ခုဆိုရင်တောမီးကြောင့် သေဆုံးစာရင်းဟာ ၂၃ ဦးထိ ရှိသွားပြီပေါ့” ဆိုပြီး Butte ကောင်တီ ရဲအရာရှိ ကိုရီ ဟိုနီယာက ပြောပါတယ်။

အဆိုပါ ပြင်းထန်ဆိုးရွားလှတဲ့ တောမီးတွေလောင်ကျွမ်းမှုကြောင့် ယမန်နေ့ကအထိ ပြည်နယ်တွင်းမှာ လူတစ်သိန်းခွဲလောက် ဘေးလွတ်ရာကို ပြောင်းရွေ့ခိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။

Butte ကောင်တီက ပါရာဒိုက်စ်မြို့မှာတော့ တောမီးကြောင့် နေအိမ်တွေ ၊ ကားတွေ မီးလောင်ကျွမ်းခံလိုက်ရတာကို တာဝန်ရှိသူတွေ တွေ့ရှိစစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly