ဒေါသမပြေသေးတဲ့ မုန်းချောင်း

မုန်းတာတမံကြီးရဲ့အထက်ဖက်မှာ ရေပြင်ကြီးက မြစ်ကြီးတစ်စင်းမျှ ကျယ်ပြောလွန်းပါတယ်။ လှောင်ထားတဲ့ ဆည်ကြီးထဲကရေပြင်ကြီးဖြစ်တာမို့ ရေကမစီးဘဲ ငြိမ်ပြီး ရေပြင်ကြီးတစ်ခုလုံး စိမ်းစိမ်းမှောင်လျက်ရှိပါတယ်။

ကျနော်တို့စက်လှေနှစ်စင်းဟာ နေပူကျဲကျဲအောက်မှာ မုန်းဆည်ကြီးရဲ့အထက်ဘက်ကို ဆန်တက်လာကြပါတယ်။ စက်လှေသမားနှစ်ယောက်ဟာ သူတို့ရွာဆီလိုက်လာကြတဲ့ ကူညီကယ်ဆယ်ရေးသမားတွေကို တက်တက်ကြွကြွ ရွှင်ရွှင်ပြပြနဲ့ စကားတပြောပြော မောင်းလာကြပါတယ်။ မုန်းတမံကြီးရဲု့ရှေ့ကိုရောက်တော့ ဒီတမံကြီးတည်ဆောက်ခဲ့စဉ်က အဓမ္မပြောင်းရွှေ့ခံခဲ့ကြရတဲ့ ကျေးရွာတွေအကြောင်း စိတ်က အလိုလိုရောက်သွားရပါတယ်။

နောက်ထပ် တစ်နာရီလောက် စက်လှေစီးသွားရင် ဒီရေလှောင်တမံကြီးအောက် ရောက်သွားကြရတဲ့ ကျေးရွာတချို့အပေါ်က ရေပြင်ပေါ်မှာ စက်လှေတွေဖြတ်မောင်းကြရမှာဖြစ်တယ်လို့ စက်လှေဆရာက ပြောပြပါတယ်။ ရေအောက်ရောက်သွားရတဲ့ လယ်ယာမြေတွေ၊ အိုးအိမ်တွေ၊ ဘုရားကျောင်းကန်နဲ့ စေတီပုထိုးတွေ၊ စာသင်ကျောင်းတွေရဲ့အပေါ်က စက်လှေတွေဖြတ်မောင်းကြရမယ်လို့လည်း ပြောပြပါတယ်။ တနေရာရောက်ရင် ရေထဲက ထိုးထွက်နေတဲ့ မသေသေးတဲ့ အုန်းပင်ထန်းပင်တွေ၊ စေတီတော်များရဲ့ ထီးတော်တွေနဲ့ ဘုန်းတော်ကြီးကျောင်း ခေါင်မိုးအချွန်တွေကို တွေ့ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ စက်လှေဆရာ ပွင့်တောက်ရွာသားက ရေအောက်ရောက်သွားကြရတဲ့ ကျေးရွာတွေအကြောင်းပြောပြတာနားထောင်ရတာက ကြေကွဲစရာလွမ်းစရာကောင်းတဲ့ပုံပြင်တွေနားထောင်နေရသလိုပါပဲ။

မုန်းချောင်းဟာ ဟိုး ချင်းပြည်နယ်ထဲမှာ မြစ်ဖျားခံပြီး စေတုတ္တရာမြို့ဘေးမှဖြတ်ကာ အောက်ဘက် ပွင့်ဖြူမြိို့အနီးမှာ ဧရာဝတီမြစ်ထဲ ပေါင်းဆုံပါတယ်။ မြစ်ချောင်းတွေရဲ့ သဘောသဘာဝအတိုင်း မုန်းချောင်းနှစ်ဖက် မုန်းချောင်းကို အမှီပြုပြီး ကျေးရွာတွေတည်ရှိလာခဲ့ပြီး လယ်ယာနဲ့ကိုင်းလုပ်ငန်းတွေလည်း ဖြစ်တည်လာခဲ့ပါတယ်။ ကျနော့်အထင် ဒီဒေသကျေးရွာတွေရဲ့ သက်တမ်းဟာ သမိုင်းရှည်ကြာကောင်း ရှည်ကြာခဲ့လိမ့်မယ်လို့ ယူဆလို့ရပါတယ်။ ဒီကျေးရွာတွေ ခြံရံထားတဲ့ စေတုတ္တရာမြို့ကလေးသည်ပင်လျင် မြို့သက်တမ်း နှစ်ပေါင်း ၉၀၀ နီးပါးရှိခဲ့ပြီပဲ။

လွန်ခဲ့တဲ့ ဆယ်ရက်ကျော်လောက်ကစပြီး မုန်းချောင်းဒေသမှာ မိုးအကြီးအကျယ်ရွာခဲ့ပါတယ်။ မုန်းချောင်းထဲစီးဝင်ကြတဲ့ လက်ဝဲလက်ကျင်္ာ စင်းချောင်း၊ ထီးချောင်း၊ ပန်းအိချောင်း၊ ဒွေးချောင်း၊ ချီချောင်း၊ အောင်းချောင်း၊ ဆီမီးချောင်းတွေဟာ တောင်ပေါ်ကကျလာတဲ့ မိုးရေတွေနဲ့အတူ မုန်းချောင်းထဲ အင်နဲ့အားနဲ့ ပြေးလာပေါင်းဆုံကြပါတယ်။ မုန်းတမံကြီးဟာ နေ့ချင်းညချင်း ရေတွေဒလဟော ပြည့်လာခဲ့ပြီး တမံကြီးပေါ်ကျော်ကျတော့မလိုဖြစ်လာပါတယ်။ တိုတိုပြောရရင်တော့ မုန်းချောင်းကြီးဟာ တားထားတဲ့တမံကြီးကို တွန်းတိုက် တွန်းလှဲလို့မရတဲ့အခါ ချောင်းကမ်းနှစ်ဖက်ကကျေးရွာတွေနဲ့ စေတုတတ္တရာမြို့ကလေးကို ရန်လုပ်ပါတော့မယ်။ စဉ်ဆက်မပြတ်ရွာနေတဲ့မိုးရေတွေအောက်မှာ တစ်ပါတ်ကြာ မှောင်မဲနေတဲ့အောက်မှာ ကျေးရွာ ၃၀ ကျော်နဲ့ စေတုတ္တရာမြို့ဟာ ရေအောက်ရောက်သွားရပါတယ်။ လူတွေ ရေလွတ်ရာတောင်ကုန်းတွေဆီ ထွက်ပြေးခဲ့ကြရပြီး အိုးအိမ်တွေ၊ လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးကုန်ကြရပါတယ်။ 

စက်လှေပေါ်လိုက်ပါလာရင်း မုန်းချောင်းကြီးအကြောင်းတွေးလာရာက ချီချောင်းနဲ့ မုန်းချောင်းပေါင်းဆုံရာ နေရာကို စက်လှေတွေ ချဉ်းကပ်လာကြပါတယ်။ ရှေ့ကစက်လှေက အရှိန်လျှော့ပြီး လူတွေမတ်တတ်ရပ်ပြီး ကြည့်နေတာတွေ့လို့မေးတော့ ရှေ့မှာ အမှိုက်တောဒိုက်တောကြီး မျက်စေ့တဆုံး ပိတ်ဆို့နေတယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ ကျနော်တို့စက်လှေနှစ်စီးဟာ မျက်စေ့တဆုံးမြင်နေရတဲ့ အမှိုက်တော ဒိုက်တောကြီးကို မြင်ကြရပါတော့တယ်။ ချောင်းနှစ်ခုဆုံရာဖြစ်တဲ့အပြင် မုန်းတမံကြီးရဲ့ အဝသဘောဖြစ်တာမို့ ရေကမစီးပဲ ဒီနေရာမှာ အိုင်ကြီးအင်းကြီးလိုလာဖြစ်နေတဲ့သဘောပါပဲ။ စက်လှေဆရာတွေက စက်ကိုမရပ်ဘဲ ခဏသပ်ထားလိုက်ကြပြီး ဒီဒိုက်တောကြီးကို ဘယ်နေရာက ဖြတ်မောင်းကြရင်ကောင်းမလည်းဆိုတာ တိုင်ပင်ကြပါတယ်။ စက်လှေပေါ်ပါလာတဲ့သူတွေအကုန်လုံးက ဒေသခံတွေမဟုတ်ကြတော့ ဘယ်လိုမှသဘာထားမပေးနိုင်ဘဲ ဒီအတိုင်းနေပူကျဲတဲအောက် ငုတ်တုတ်ထိုင်ပြီးပဲနေကြရပါတယ်။ 

အဲဒီအချိန်မှာ ခတ်လှမ်းလှမ်းကုန်းပေါ်က တဲကလေးတစ်လုံးဆီက “ သွားလို့မရသေးဘူး တုံးတွေအများကြီးဖြစ်နေသးတယ်။ တဲမှာခဏနား စောင့်ကြည့်ပြီးမှ ဆက်သွားကြပါ”လို့အော်ပြောလို့ စက်လှေတွေကမ်းကပ်ကြရပါတယ်။ ကုန်းထိပ်ပေါ်က တဲကလေးဆီသွားကြရပါတယ်။

တဲပိုင်ရှင်က ဒီဒေသကမဟုတ်ကြဘဲ ပဲခူကွင်းဘက်ကဖြစ်ကြပြီး ဒီနေရာတဝိုက်မှာ ငါးရှာဖါးရှာရင်း လာနေကြတာလို့သိရပါတယ်။ တောင်ကုန်းထိပ်ပေါ်ကတဆင့် ပိတ်ဆို့နေတဲ့ဒိုက်တောကြီးကို ကြည့်တဲ့အခါ အထက်ဘက်မှာ ဒိုက်တောအစပ်ကိုမြင်ကြရပြီး ခဏနေရင် ရေကြောင်းသင့်တဲ့အခါ ဒိုက်တော အလည်ကွဲသွားမှာဖြစ်ပြီး အဲဒီအချိန်ကြမှ စက်လှေတွေ ဖြတ်သွားလို့ရမယ်လို့ တဲရှင်ကရှင်းပြပါတယ်။ မနေ့တုန်းကတော့ ဒိုက်တောအလယ်ရောက်ကာမှ ရှေ့လည်းဆက်သွားလို့မရ နောက်ပြန်ဆုတ်မရလို့ အလည်ခေါင်မှာပိတ်မိနေတဲ့ စက်လှေတစ်စင်းဟာ ဒီအတိိုင်းရေလည်မှာငုတ်တုတ်ထိုင်ပြီး ညအိပ်ကြရတယ်လို့လည်း သိရပါတယ်။ စက်လှေပေါ်မှာ လူသုံးယောက်ပဲပါလာပြီး ထမင်းငတ်ရေငတ်ဖြစ်ကြရတယ်လို့ သိရပါတယ်။

တောင်ကုန်းလေးပေါ်မှာ တစ်နာရီခွဲလောက်ရှိတော့ တဲရှင်က တဲအပြင်ဘက်ထွက်ပြီး ခင်ဗျားတို့ သွားလို့ရလောက်ပြီ နည်းနည်းတော့ တွန်းတွန်းတိုက်တိုက်တော့ သွားကြရမယ်လို့ပြောလို့ ကျနော်တို့လည်း ဒိုက်တောကြီးကို စပြီးဖြတ်ကြပါတယ်။

ဒိုက်တောကြီးက ဒိုက်ရယ်လို့တောင်မဟုတ်တော့ပါဘူး။ သစ်တုံးကြီးတွေ သစ်တိုသစ်စတွေ၊ အမှိုက်ပေါင်းစုံ ဒီလိုရေအီတဲ့နေရာမှာ လာစုနေတာပါ။ ချောင်းပေါင်းစုံက မိုးရေတိုက်စားမှုနဲ့အတူ တတောတတောင်လုံးက အမှိုက်တွေထင်းတွေ သစ်ပင်သစ်ကိုင်းတွေဟာ ရေက အောက်ကိုဆက်မဆင်းတော့တဲ့ မုန်းတမံကြီးရဲ့ထိပ်မှာ လာပြီးစုပြုံနေတဲ့သဘောပါပဲ။

လှေပေါ်မှာ ရေလုံးဝမကူးတတ်တဲ့သူက ကျနော်တစ်ယောက်ပဲရှိတာပါ။ ဒါနဲ့ပဲ အသက်ကယ်အကျီလေး အားကိုးနဲ့ ဒိုက်တောကြီးကိုဖြတ်တဲ့စက်လှေပေါ် မျက်စေ့သူငယ်နားသူငယ်နဲ့ပါလာခဲ့ပါတယ်။ စက်လှေဦးမှာ ၀ါးလုံးကိုယ်စီကိုင်ရင်း တုံးတွေအမှိုက်တွေကို တွန်းထိုးဖယ်ရှားနေတဲ့ လူငယ်နှစ်ဦးအားကိုးနဲ့့ပဲ စက်လှေဆရာလည်း ဒိုက်တောကြီးကြား စမ်းတဝါးဝါးနဲ့ တဖြေးဖြေးတအိအိနဲ့ စက်လှေကိုမောင်းရပါတယ်။
ကဲ ဒီကနေ့တော့ ပွင့်တောက်ရွာခရီး ဒီမှာတွင် ခဏနားပါအုန်းမယ်။

မနက်ဖြန်ကြမှ ဆက်ကြတာပေါ့။

လူငယ်များ ခရီးထွက်နိုင်ကြပါစေ။ ဒေသန္တရာဗဟုသုတကြွယ်ဝနိုင်ကြပါစေ။

Mizzima Weekly