မွန်းတည့်နေ

ကိုမျိုးသန့်ရေ

ဒီတစ်ပတ်တော့ ကျွန်တော် မွန်းတည့်နေ ဂျာနယ် ထုတ်ဝေဖြစ်တဲ့အကြောင်း ပြောပြချင်ပါတယ်။ ဒီလိုပါ။ ၂၀၀၅-၂၀၀၆ ပတ်ဝန်းကျင် လောက်တုန်းက ကျွန်တော် ရန်ကုန် ဗြိတိသျှကောင်စီ မှာ အင်္ဂလိပ်စာသင်တန်း တက်ပါတယ်။ အသက်ကြီးမှ အင်္ဂလိပ်စာ နည်းနည်းပါးပါး ပြန်သင်ရ တယ်ပေါ့။ အဲဒီသင်တန်းမှာ သူငယ်ချင်း အသစ်တွေလည်း ရပါတယ်။ တချို့က အတော်ငယ် သေးတဲ့ လူငယ်လေးတွေ၊ တချို့က လူလတ်ပိုင်း၊ ထုံးစံအတိုင်း ကျွန်တော်က အသက်အကြီးဆုံး။ လူမျိုးစုံ၊ ဘာသာစုံ၊ အလွှာစုံက သူငယ်ချင်းတွေလို့ ပြောရင်ရပါတယ်။ အဲဒီမှာ နောင် မွန်းတည့်နေ ဂျာနယ် ထုတ်ဝေမယ့် ကိုကျော်မင်းခိုင်နဲ့လည်း ကျွန်တော် သူငယ်ချင်း ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်း ကိုကျော်မင်းခိုင်ဟာ မွန်းတည့်နေ ဂျာနယ် ထုတ်ဝေပါတယ်။ မွန်းတည့်နေ ဂျာနယ်ရဲ့ ထုတ်ဝေသူလိုင်စင် ပိုင်ရှင်ဟာ ဦးစံတင်ပါ။ သူက အရင် တက္ကသိုလ် ဆရာဟောင်း တစ်ယောက် ဖြစ်ပါ တယ်။ ငွေကြေးစိုက်ထုတ် လုပ်ကိုင်သူကတော့ ကိုကျော်မင်းခိုင်ပါ။ ဦးစံတင် ဟာ ကိုကျော်မင်းခိုင်ရဲ့ ယောက္ခမ တော်ပါတယ်။ အယ်ဒီတာ အဖွဲ့ကတော့ သီးသန့်ရှိပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင် နေကြ တာပါ။ နောက်ပိုင်း ကျွန်တော့်ဆီကို စာမူ လာတောင်းမှ မွန်းတည့်နေ ဂျာနယ်ကို ကိုကျော်မင်းခိုင် လုပ်နေမှန်း သိပါတယ်။ သူငယ်ချင်း အချင်းချင်း ပြန်တွေ့ တော့ သူ့လုပ်ငန်းနဲ့ ပတ်သက်တဲ့ အကူအညီတောင်းရင် အကြံဉာဏ်အားဖြင့် အကူအညီ ပေးပါ တယ်။ တစ်ခါတစ်ရံ အခက်အခဲဖြစ်တဲ့ အခါမျိုးမှာလည်း ကူညီပေးပါတယ်။

နောက်ပိုင်း အာဏာပိုင်တွေဟာ မွန်းတည့်နေ ဂျာနယ်ကို “ ကိုင်” ဖို့ လုပ်ကိုင်လာပါတယ်။ အရပ်စကားပြောရရင် ပေါ်တင်ကြီး၊ သိသိသာသာကြီး ဆိုတာမျိုးပါ။ နောက်ပိုင်း အဖြစ်အပျက်တွေ အကုန်လုံး ကျော်မင်းခိုင်က ကျွန်တော့်ကို လာတိုင်ပင်တဲ့အတွက် ကျွန်တော် အသေးစိတ် သိနေပါတယ်။ မွန်းတည့်နေ လုပ်ကိုင်နေသူတွေကို ဒီတစ်မှုမရရင် ဟိုတစ်မှုနဲ့စွဲပြီး အရေးယူ ထောင်ချပစ် မယ်ဆိုတဲ့ အနေအထားမျိုးပါ။ နောက်ဆုံးဖြစ်သွားတဲ့ ကိစ္စကတော့ အားလုံး သိပြီးဖြစ် တဲ့ ကိုထင်ကျော်တို့ ထုတ်ပြန်တဲ့ ကြေညာချက်ကို သတင်းအဖြစ် ဖော်ပြမိတဲ့ ကိစ္စပါ။ သတင်းဖော် ပြတာချင်း အတူတူ တခြားဂျာနယ်တွေကို ဘာမှ အရေးမယူဘဲ မွန်းတည့်နေ တစ်စောင်ထဲက လူတွေကိုပဲ ဖမ်းဆီး တရားရုံး တင်တာပါ။ အသေးစိတ် ကျွန်တော် မပြောတော့ပါဘူး။ ဒီအ ကြောင်း ပြည်တွင်းမှာရော၊ ကုလသမဂ္ဂ ကိုယ်စားလှယ်နဲ့ နိုင်ငံတကာမှာပါ ကျွန်တော် ပြောခဲ့၊ ရေးခဲ့၊ ဆွေးနွေးခဲ့ဖူးပြီး ဖြစ်လို့ပါပဲ။

ကိုမျိုးသန့်ရေ

တကယ့်တကယ် အဲဒီ သတင်း၊ ဂျာနယ်ထဲ ဖော်ပြချိန် ကျော်မင်းခိုင် ရန်ကုန်မှာ မရှိပါဘူး။ မန္တလေးမှာပါ။ မန္တလေးမှာ သူ့ဖခင် ရှိနေပြီး ကျန်းမာရေးမကောင်းလို့ မကြာခဏ သွားကြည့်နေရ တာပါ။ ရန်ကုန်မှာ သူတို့လုပ်နေတဲ့ ဂျာနယ်က အယ်ဒီတာတွေကို ဖမ်းတော့ သူ ဘာဆက်လုပ်ရ မလဲ ကျွန်တော့်ကို တယ်လီဖုန်းကနေ လှမ်းမေးပါတယ်။ ကျွန်တော်ကတော့ ရှင်းရှင်းပဲ ပြောလိုက် ပါတယ်။ မင်းတို့ကို ဖမ်းချင်တာ အဓိကဆိုတော့ ဆိုင်ဆိုင် မဆိုင်ဆိုင် မင်းကို ဖမ်းမှာပဲ၊ ဒီတော့ ဖြစ်နိုင်ရင် ကိုယ့်ဖာသာကိုယ် တော်ရာတစ်နေရာမှာနေ၊ ရှောင်နေ၊ တယ်လီဖုန်းလိုင်းတွေ အားလုံး မသုံးနဲ့တော့၊ အဲအာဏာပိုင်တွေက တကယ်ပဲ ဒီအမှုမှာ မင်းဆိုင်တယ်ဆိုရင် ဖမ်းဝရမ်း ထုတ် လိမ့်မယ်၊ အဲဒါဆိုရင်တော့ လာရင်ဆိုင်ပေါ့ ဆိုပြီး အကြံပေးပါတယ်။

ကျွန်တော့် အကြံဉာဏ် သူ နားလည်ပါတယ်။ နောက်ပိုင်း သူ၊ သူ့ဇနီး ဆရာဝန်မနဲ့ ကလေးနှစ်ယောက်ခေါ်ပြီး မြဝတီကနေတဆင့် ထိုင်းနိုင်ငံ မဲဆောက်ဘက် အလည် သွားကြပါ တယ်။ ရှောင်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ အလွန်တော် ပါတယ်။ အလွန့်အလွန် တော်ပါတယ်။ သူတို့ မိသားစု တစ်စုလုံးကို ထိုင်းနိုင်ငံ မဲဆောက်မှာ ရှာလို့ တွေ့ရုံမက သူတို့ ဇနီးမောင်နှံ နှစ်ယောက်ကို ဖမ်းပြီး မြန်မာပြည်ဘက် ပို့ဖို့ ထိုင်းရဲတွေကို ပြောဆို နိုင်ခဲ့ပါတယ်။ မြန်မာရဲတွေက အဲဒီ မသင်္ကာရသူတွေ ဘာပြစ်မှု ကျူးလွန်သလဲဆိုပြီး ပြောဆို လွဲှပြောင်းပေးတဲ့ မှတ်တမ်း ထိုင်းနိုင်ငံဘက်မှာ ရှိပါတယ်။ နောက်ပိုင်း သိကြပြီး ဖြစ်တဲ့အတိုင်း ဆိုင်ဆိုင်မဆိုင်ဆိုင် သူလည်း ထောင် ၂ နှစ် ချတာ ခံရပါတယ်။

ကိုကျော်မင်းခိုင် ထောင်ကျပြီးနောက် သူ့ဇနီး ကျွန်တော့်ကို လာတိုင်ပင်ပါတယ်။ မွန်းတည့် နေကို ဆက်ပြီး ထုတ်နေရမလား၊ ရပ်ထားရမလား ဆိုပြီးတော့ပါ။ ကျွန်တော်က ပြောလိုက်ပါ တယ်။ သူတို့ ဖမ်းဆီးတာ၊ ထောင်ချတာ မွန်းတည့်နေ ဂျာနယ် ထုတ်ဝေတာကြောင့် ဖြစ်တယ်၊ အခု ကိုယ့်လူတွေ ထောင်ထဲ ရောက်နေတယ်၊ ဒါဟာ ပြန်ပေးဆွဲသလို လုပ်ထားတဲ့ အခြေအနေ၊ ဒီ အခြေအနေမှာ ဂျာနယ်ပြန်ထုတ်ရင် ထောင်ကျနေတဲ့ ကိုယ့်လူတွေရဲ့ ကံကြမ္မာ အမျိုးမျိုး ဖြစ်နိုင် တယ်။ ဒါကြောင့် မထုတ်ပါနဲ့ဦး၊ သူတို့တွေ လုံးဝ လွတ်မြောက်လာပြီးမှ လုပ်ကြကိုင်ကြပါ ဆိုပြီး အကြံပေးလိုက်ပါတယ်။ သူတို့ မထုတ်ပါဘူး။ သူတို့ လူတွေ လွတ်မြောက်သည်အထိ စောင့်ပါ တယ်။

တစ်နှစ်ကျော် ကြာပြီးနောက် သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ မွန်းတည့်နေ အဖွဲ့သားတွေ လွတ်လာပါတယ်။ ကိုကျော်မင်းခိုင်လည်း လွတ်လာပါတယ်။ ဒါပေမယ့် သူ၊ သူ့ဇနီး၊ သူ့ဇနီးရဲ့ မိဘနှစ်ပါး အတော် လန့်သွားကြပါပြီ။ ဂျာနယ်ထုတ်ဝေလို့ မိ တကွဲ ဖ တကွဲ၊ လင် တကွဲ၊ မယား တကွဲ ဖြစ်ခဲ့ရတာကို အတော် တုန်လှုပ်ခဲ့ပါပြီ။ နောက်ထပ် ဒီလို ကြေကွဲဝမ်းနည်းစရာ အဖြစ်မျိုး တွေ ထပ်ပြီး မဖြစ်ချင် ကြတော့ဘူးလို့ ပြောကြပါတယ်။ ဒါကြောင့် ဂျာနယ်ကို ပြန်မထုတ်တော့ဘူး လို့ ဆုံးဖြတ်လိုက်ကြတယ်လို့ ဆိုပါတယ်။ အေးအေးချမ်းချမ်း ဖြစ်သွားတဲ့တစ်နေ့ သူတို့ ကျွန်တော့် ဆီ ရောက်လာပါတယ်။ သူတို့ မထုတ်ဝေတော့ပေမယ့် သူတို့ ပြုစုပျိုးထောင်၊ အောင်မြင်မှုလည်း အထိုက်အလျောက် ရခဲ့တဲ့ ဒီဂျာနယ် ပြန်ပြီး ရှင်သန်နေတာ မြင်ချင်တယ်လို့ ဆိုပါတယ်။

ဒီအတွက် ကျွန်တော် ထုတ်ဝေမလား မေးပါတယ်။ ကျွန်တော်ကလည်း ရိုးရိုးရှင်းရှင်းပါပဲ။ ဖိနှိပ်မှု တစ်စုံတစ်ရာကြောင့် ဂျာနယ်တစ်စောင် ရပ်ဆိုင်းသွားရတာ၊ ပိတ်သွားရတာမျိုး မမြင်ချင်ပါဘူး၊ မကြားချင်ပါ ဘူး။ ဒါကြောင့် မြန်မြန်ဆန်ဆန်ပဲ အဖြေ ပေးလိုက်ပါတယ်။ ကျွန်တော် မွန်းတည့်နေ ကို ပြန်ထုတ်ဝေမယ် ဆိုပြီးတော့ပါ။ ကျွန်တော် ထုတ်ဝေချင်တဲ့ ပုံစံက Times တို့ Newsweek တို့လို အပတ်စဉ် သတင်း မဂ္ဂဇင်းပါ။ နိုင်ငံရေး စီးပွားရေး သတင်းဝေဖန် သုံးသပ်ချက် အသားပေး ပြီး မိသားစုလည်း ဖတ်နိုင်တဲ့ ဂျာနယ်မျိုးပါ။ အဲဒီအတွက် ကြိုးစား လုပ်ကိုင်နေပါတယ်ဗျား။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags