ကိုယ်ထူကိုယ်ထသားဖွားဆောင်လွှဲပြောင်းပွဲသို့ ဖိတ်ထားသော တာဝန်ရှိသူများ မတက်ရောက်ဟု ဆို

ကိုယ်ထူကိုယ်ထသားဖွားဆောင်လွှဲပြောင်းပွဲသို့ ဖိတ်ထားသော တာဝန်ရှိသူများ မတက်ရောက်ဟု ဆို

မန္တလေး၊ နိုဝင်ဘာ ၁၁ ။         ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု၊ လိပ်ကျကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီတွင် ကိုယ်ထူကိုယ်ထသားဖွားဆောင်ကို ကျေးလက်ကျန်းမာရေးဌာနခွဲသို့ လွှဲပြောင်းပေးအပ်ပွဲတွင် ဖိတ်ကြားထားသော လွှတ်တော်ကိုယ်စားလှယ်အပါအဝင် တာဝန်ရှိသူများ မတက်ရောက်ခဲ့ကြောင်း သိရသည်။ 

တက်ရောက်ဖွင့်လှစ်ပေးရန်အတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်တို့ကို ကြိုတင်ဖိတ်ကြားထားသော်လည်း တက်ရောက်ခြင်း မရှိခဲ့ကြောင်းဒေသခံများက ပြောသည်။

"မလာနိုင်ဘူးဆိုလည်း အကျိုးအကြောင်း ပြောလေ။ ဒီလိုမလာနိုင်တာ ကျေးရွာကို မျက်ကွယ်ပြုတာပဲ။ ပြည်သူလူထုကို မျက်ကွယ်ပြုတာပဲ။ အမှန်ဆိုရင်တော့ ပွဲပြီးအထိ မနေတောင် ခဏတော့ လာအားပေးသင့် တယ်။"ဟု လိပ်ကျကျေးရွာ အရံမီးသတ်တပ်စုမှူး ကိုစိုးပိုင်က ပြောသည်။

သားဖွားဆောင်ဖွင့်လှစ်ရန် နံနက် ၉ နာရီ သတ်မှတ်ထားသော်လည်း မြို့နယ်တာဝန်ရှိသူများကို စောင့်ဆိုင်း နေရခြင်းကြောင့် နံနက် ၁၁ နာရီကျော်မှသာ ဖွင့်လှစ်ခဲ့ရသည်ဟု သားဖွားဆောင်ဖြစ်မြောက်ရေး ဦးဆောင်သူ ဦးစိုးလှက ဆိုသည်။

"ဘာကြောင့် မလာဘူးဆိုတာလောက်တော့ ပြောသင့်တယ်။ ဒီကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့တွေ့ပြီး ပြောမယ်။ ကျွန်တော်တို့ကိုယ်တိုင် ဖိတ်တယ်။"ဟု ဦးစိုးလှကပြောသည်။

သာဖွားဆောင်မရှိခင်က ကျေးရွာများသို့လိုက်၍ ကျန်းမာရေးဝန်ထမ်းများမှ မွေးဖွားပေးနေရပြီး ယခုအခါ မှာတော့ သားဖွားဆောင် ရှိပြီဖြစ်၍ ကိုယ်ဝန်ဆောင်မိခင်များ တက်ရောက်မွေးဖွားနိုင်ပြီ ဖြစ်သည်။ ထိုသို့ သားဖွားဆောင်ရှိလာခြင်းကြောင့် အချိန်မရွေး လွယ်ကူစွာ တက်ရောက်မွေးဖွားနိုင်မည်ဟု ဦးစိုးလှက ပြောသည်။

လိပ်ကျကျေးရွာသည် အိမ်ခြေ ၈၀၀၀ ကျော်ရှိပြီး ထိုအိမ်များက ယခုသားဖွားဆောင်ကို အားကိုးလာမည် ဖြစ်သည်ဟု ဦးစိုးလှကဆိုသည်။

သားဖွားဆောင်ဖွင့်ပွဲ မတက်ရောက်ခြင်းနှင့်ပတ်သက်၍ သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး စိုင်းဝေလင်းက " ဟုတ်တယ်ခင်ဗျ။ ကျွန်တော် မတက်ဖြစ်ဘူး။ မနက်က နောက်ကျသွားလို့ခင်ဗျ။"ဟု မဇ္ဈိမကို ပြောသည်။

သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဆွေက " ခရီးသွားနေလို့ ခဏနေမှ ဖုန်းပြန်ဆက်ပါ။"ဟု ပြောသည်။

အဆိုပါသားဖွားဆောင်ကို လိပ်ကျကျေးရွာ ကျောကိမဏ္ဍပ်ဆရာတော် ဦးဥတ္တမ အမှူးထား၍ အလှူရှင် ဒေါ်ကြင်စိန်၊ သား မောင်ပက်စီစိုးတို့က ကျပ်သိန်း ၉၀ မတည်ကာ ဒေသခံအလှူများပူးပေါင်းပြီး ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

၎င်းသားဖွားဆောင်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ကျေးလက် ကျန်းမာရေးဌာနကို လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။

ကျေးလက်ကျန်းမာရေးမှူး ဒေါ်စန္ဒာဦးက "အခုလို ဝိုင်းဝန်းလှူဒါန်းလို့ အဆင်ပြေပါတယ်။"ဟု ပြောသည်။

အဆိုပါ သားဖွားဆောင်ဖွင့်ပွဲသို့ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းမရှိသောကြောင့် ဒေသခံ ရပ်မိ၊ ရပ်ဖများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အလှူရှင် မိသားစုဝင်များနှင့် ဖွင့်လှစ်ခဲ့ရကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly