ဘူတန် ရင်ချင်းဆက် အမွှာကို သြစတြေးလျဆရာဝန်တွေ အောင်မြင်စွာ ခွဲစိတ်ပေး

ဘူတန် ရင်ချင်းဆက် အမွှာကို သြစတြေးလျဆရာဝန်တွေ အောင်မြင်စွာ ခွဲစိတ်ပေး

နိုဝင်ဘာ ၁၁ ။           ။ ဘူတန်နိုင်ငံက အသက် ၁၅ လသားအရွယ် ရင်ချင်းဆက်အမွှာကို သြစတြေးလျ ခွဲစိတ်ဆရာဝန်တွေ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်က အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆရာဝန်တွေနဲ့ သူနာပြု အယောက် ၂၀ ပါ အဖွဲ့တစ်ခုဟာ အဆိုပါ ဘူတန် ရင်ချင်းဆက်အမွှာကို ခြောက်နာရီကြာ အချိန်ယူပြီး အောင်အောင်မြင်မြင်နဲ့ ခွဲစိတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ရင်ချင်းဆက် မိန်းကလေးအမွှာဖြစ်တဲ့ နီမာ နဲ့ ဒါ၀ါတို့ကတော့ အသည်းတစ်ခုသာ အတူတူ ဖြစ်နေပြီး ကျန် အဓိက အင်္ဂါအစိတ်အပိုင်းတွေကတော့ သီးခြားစီ ဖြစ်နေခဲ့လို့ ဆရာဝန်တွေ သက်သာရာ ရခဲ့တယ်လို့ သိရပါတယ်။

“ ဒီခွဲစိတ်မှုမှာတော့ အံ့အားသင့်စရာ တွေ့ရှိချက်မျိုး ကျွန်တော်တို့ မတွေ့ခဲ့ရပါဘူး၊ နောက်ပြီး ဒီရင်ချင်းဆက်အမွှာကို ကြည့်ရတာ ခွဲစိတ်မှုအတွက် သူတို့ အသင့်အနေအထားမှာ ဖြစ်နေတာကိုပါ တွေ့ရပါတယ်၊ သူတို့ ကောင်းကောင်း ခံနိုင်ရည် ရှိခဲ့ပါတယ်၊ ခုဆိုရင်လည်း ခွဲစိတ်အပြီးမှာတော့ သူတို့ တစ်ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေပါပြီ” ဆိုပြီး ယင်းခွဲစိတ်မှုကို ဦးဆောင်ခဲ့တဲ့ ဆရာဝန် ဂျိုး ခရာမာရီက ပြောသွားပါတယ်။

ဘူတန် ရင်ချင်းဆက်အမွှာ နီမာနဲ့ ဒါ၀ါ တို့နဲ့ မိခင်ဖြစ်သူ ဘွန်ချူ ဇန်မို တို့ကတော့ ယင်းခွဲစိတ်မှုခံယူဖို့အတွက် ပြီးခဲ့တဲ့တစ်လလောက်ကတည်းက သြစတြေးလျမှာ ရောက်ရှိနေခဲ့တာဖြစ်ပေမယ့် ဆရာဝန်တွေကတော့ ကလေးငယ်တွေ ခွဲစိတ်မှုခံယူရန် အဆင့်သင့်ဖြစ်မယ့် အနေအထားအထိ စိတ်ရှည်ရှည် စောင့်ပြီးမှ ယခုလို ခွဲစိတ်ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly