ဘရာဇီး မြေပြိုမှု အနည်းဆုံး လူ ၁၀ ဦး သေဆုံး

ဘရာဇီး မြေပြိုမှု အနည်းဆုံး လူ ၁၀ ဦး သေဆုံး

နိုဝင်ဘာ ၁၁ ။           ။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက မြေပြိုမှုတစ်ခု ဖြစ်လို့ လူ ဆယ်ဦးထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက  ပြောပါတယ်။

Niteroi မြို့ဧရိယာမှာဖြစ်ခဲ့တဲ့ အဆိုပါမြေပြိုမှုမှာတော့ လူ ၁၁ ဦးကို အပျက်အစီး အစုအပုံတွေအောက်ကနေ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ယခုလက်ရှိအချိန်အထိ လူ လေးဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မြေပြိုမှုကြောင့် နေအိမ် ကိုးလုံး၊ လုပ်ငန်းအဆောက်အအုံံတစ်ခု ပျက်စီးသွားတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်တွေအတွင်း ယင်းဒေသမှာ မိုးတွေ သည်းကြီးမည်းကြီး ရွာသွန်းထားခဲ့ပြီးနောက်မှာ ခုလိုမျိုး မြေပြိုမှု ဖြစ်စဉ်နဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ရီယိုဒီဂျနေးရိုး ပြည်နယ်မှာကတော့ ခုလိုမျိုး မြေပြိုမှုတွေက ဖြစ်လေ့ဖြစ်ထ ရှိပြီး ဒေသခံတွေဟာ ပြည်နယ်ရဲ့ တောင်ကုန်းဒေသတွေမှာ နေထိုင်တတ်ကြပြီး တစ်ခါတစ်ရံမှာ သက်ဆိုင်ရာရဲ့ တရားဝင်ခွင့်ပြုချက်မရဘဲနဲ့တောင် နေအိမ်တွေ ဖြစ်သလို ဆောက်လုပ်နေထိုင်နေကြလျက်ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags