သဘာဝပတ်ဝန်းကျင်ဂေဟစနစ်အတွက် ရည်ရွယ်ပြီး အလှမွေးငါးပြပွဲ မြိတ်တွင် ကျင်းပနေ

သဘာဝပတ်ဝန်းကျင်ဂေဟစနစ်အတွက် ရည်ရွယ်ပြီး အလှမွေးငါးပြပွဲ မြိတ်တွင် ကျင်းပနေ

မြိတ်၊ နိုဝင်ဘာ ၁၀ ။           ။ မြိတ်မြို့၌ အလှမွေး ငါးများ မွေးမြူသူ ၀ါသနာ ရှင်များနှင့် အလှမွေးငါး အမျိုးမျိုး ရောင်းချသည့် ဆိုင်များ စုပေါင်း၍ “Mergui Aquarlum Group  (MAG)” ဟု အမည် ပေးထားသည့် ပြပွဲ တစ်ခုကို နိုဝင်ဘာ ၁၀ မှ ၁၁ ရက်နေ့ အထိ Myeik Shopping Center ၌  စတင်ပြသနေသည်။

“Mergui Aquarlum Group  (MAG)” သည်၊ မြိတ်ဒေသရှိ အလှမွေးငါးနဲ့ ပတ်သက်သည့် ၀ါသနာရှင်များနှင့် အရောင်းဆိုင်များ စုပေါင်းဖွဲ့စည်း ထားသော အဖွဲ့ဖြစ်ပြီး၊ အလှမွေးငါးနှင့် ရေအောက်အပင်ကန်ပြပွဲကို ပထမဆုံးအကြိမ် ပြသပေးခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

အလှမွေးငါး ပြပွဲမှ တာဝန်ရှိသူ ဦးကျော်က “ Aquarlum ဆိုတဲ့ လှောင်ကန်နဲ့ ပတ်သက်ပြီး ဖန်တီးမွေးမြူထားတဲ့ ငါးလေးတွေကို ချစ်တတ် လာအောင်၊ နောက်ပြီး အဓိက ပြောချင်တာက ကန်ထဲမှာ ငါးလေးတွေကို လှလှပပ မွေးထားသလို ပင်လယ်ထဲမှာလည်း သဘာဝပတ်ဝန်းကျင် မပျက်စီး၊ မထိခိုက်အောင် ထိန်းသိမ်းတတ်ဖို့ ရည်ရွယ်ချက်နဲ့ ပြသခြင်း ဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ ပြပွဲတွင် လူတွေရဲ့ စည်းကမ်းမဲ့ ၊ စွန့်ပစ်သည့်အမှိုက်နှင့် အခြားစွန့်ပစ်ပစ္စည်းများကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ရှိ ရေနေသတ္တဝါများကို ထိခိုက်နိုင်သည့် (သရုပ်ပြ) ငါးကန်ကို ထည့်သွင်း ပြသထားကြောင်း သိရသည်။

ပြပွဲ၌ စုံလင်လှသည့် အလှမွေးငါးများစွာ အပြင် အလှမွေးငါး မွေးမြူခြင်းဆိုင်ရာစနစ်များ၊ ရေအောက်သစ်ပင် စိုက်ပျိုးနည်းများကို ပြသပေးထားပြီး၊ ပြပွဲကို နံနက် ၉ နာရီမှ ည ၉ နာရီ အထိ ၂ ရက်တာ ပြသပေးနေမည် ဖြစ်သည်။

ယင်း ပြပွဲတွင် ငါးအမျိုးအစားပေါင်း ၅၀ ကျော် ပါဝင်ပြီး၊ အဓိက အားဖြင့် အလှမွေးငါးများနှင့် အပင်ကန်များကို ဦးစားပေး ပြသပေးထားခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly