ခွေးနှင့် ကြောင်အကောင်ရေ ၁ သန်းကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးမည်

ခွေးနှင့် ကြောင်အကောင်ရေ ၁ သန်းကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးမည်
Photo-AFP

ရန်ကုန်၊ နိုဝင်ဘာလ ၁ဝ ။          ။ မြန်မာနိုင်ငံအတွင်းရှိ ခွေးနှင့် ကြောင်အကောင်ရေ ၁ သန်းကို ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း မင်္ဂလာမြန်မာမှ ဒါရိုက်တာဒေါက်တာဖုန်းဝင်းက မဇ္စျိမသို့ပြော သည်။

ခွေးရူးရောဂါကာကွယ်ဆေးထိုးပေးခြင်းကို ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အထိ ၃ နှစ်တာကာလအတွင်း ဆောင် ရွက်သွားမည်ဖြစ်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ Four Paws International နှင့် မင်္ဂလာမြန်မာတို့မှ ပူးပေါင်းဆောင်ရွွက်သွားမည်ဖြစ်ကြောင်းသိရသည်။

" ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စစ်တမ်းတွေအရတော့ မြန်မာနိုင်ငံမှာတစ်နှစ်ကို ၁ ထောင်ကျော်လောက် ခွေး ရူး ရောဂါကြောင့် အသက်ဆုံးရှုံးတယ်လို့ ပြောပါတယ်။ အဲ့ဒီအသက်ဆုံးရှုံးတာကို ကျွန်တော်တို့က သုညအထိ လျော့ပါးသွားဖို့အတွက်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်"ဟု မင်္ဂလာမြန်မာမှ ဒါရိုက်တာဒေါက်တာ ဖုန်းဝင်းက ပြောသည်။

၂ဝ၃ဝ ခုနှစ်တွင် မြန်မာနိုင်ငံသည် ခွေးရူးရောဂါကင်းစင်သော နိုင်ငံဖြစ်စေရမည်ဟု နိုင်ငံတော်နှင့် အာဆီယံတို့ ၏ သဘောတူညီချက်အရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ရည်မှန်းချက်နှင့် အညီဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

" ခွေးလေခွေးလွင့်တွေကနေ ရောဂါတွေ ပြန့်ပွားတယ်။ အသက်တွေ ဆုံးရှုံးရတဲ့ ကိစ္စက ဒါတော်တော်လေးကို မင်္ဂလာမရှိတဲ့ သတင်းဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီလိုကိစ္စတွေကို ဆက်လက်ပြီးတော့ မဖြစ်ပွားအောင်အတွက် လူတွေရဲ့ အသက်ဆုံးရှုံးမှုမရှိစေဖို့၊ လူတွေရဲ့ လုံခြုံရေးကို ဦးစားပေးစဉ်းစားရမှာဖြစ်ပါတယ်။ အဲ့ဒီလို စဉ်းစား တဲ့အခါမှာ အသင့်တော်ဆုံးကို ရှာဖွေပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိပ်ကျွေးပြီးတော့ သုတ်သင်တဲ့ နည်းလမ်းကတော့ နည်းလမ်းကောင်းမဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်တို့ရှာဖွေတွေ့ရှိ ထားပါတယ်"ဟု မင်္ဂလာမြန်မာမှ ဒါရိုက်တာဒေါက်တာ ဖုန်းဝင်းကပြောသည်။

ခွေးများ၏ စိတ်ပိုင်းဆိုင်ရာအရ အဆိပ်ကျွေးပြီး ခွေးများကို သုတ်သင်လိုက်ပါက ခွေးများမှာရုတ်တရက် ပျောက်ကွယ်သွားသည့်အတွက် အဆိုပါအချက်အား မသေဘဲကျန်ရှိခဲ့သည့် ခွေးများက မြင်ကာ၎င်းတို့၏ မွေးပွားနှုန်းမှာ ပြန်လည်မြင့်တက်လာကြောင်း ဒေါက်တာဖုန်းဝင်းက ဆက်၍ ပြောပြသည်။

ကနဦးစမ်းသပ်စီမံကိန်းများအား ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် ဧပြီလအတွင်း နေပြည်တော်၊ လယ်ဝေးနှင့် ပုဂံ- ညောင်ဦးမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာပေါင်း ၅၁၆ ရွာရှိ ခွေးနှင့်ကြောင်ကောင်ရေ ၆ သောင်းနီးပါးအား ခွေးရူးကာကွယ်ဆေးအခမဲ့ထိုးပေးနိုင်ခဲ့ကြောင်း မင်္ဂလာမြန်မာမှ သိရသည်။

မြန်မာနိုင်ငံတွင် ခွေးအကောင်ရေ ၄ သန်းရှိပြီး ရဝ ရာခိုင်နှုန်းမှာ ခွေးလေခွေးလွင့်ဖြစ်ကြောင်း၊ ၂ဝ၁၇ ခုနှစ် မှတ်တမ်းများအရ လူဦးရေ ၆,၂ဝဝဝ မှာခွေးကိုက်ခံခဲ့ရပြီး ခွေးကိုက်ခံရသူ ၁ဝဝဝ ခန့်တွင် ခွေးရူးရောဂါ ပိုးတွေ့ခဲ့ရကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ခန့်မှန်းတွက်ချက်မှုအရ သိရသည်။

အဆိုပါ ခွေးအကောင်ရေ ၄ သန်းထဲမှ ၁ သန်းအား ခွေးရူးရောဂါကာကွယ်ဆေးထိုးပေးရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၏ ခွင့်ပြုချက်ရရှိထားပြီး အောက်တိုဘာလ ၁ဝ ရက်၊ ရန်ကုန်၊ ဆီဒိုးနားဟိုတယ်တွင် သဘောတူညီမှုစာချွန်လွှာ နောက်ဆက်တွဲအား လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly