ဖုန်းခိုးသူနှင့် လူမှားပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးခံရဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောဆို

ဖုန်းခိုးသူနှင့် လူမှားပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးခံရဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောဆို

ရန်ကုန်၊နိုဝင်ဘာ ၁၀ ။           ။ ရန်ကုန်မြို့၊အလုံမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ကိုအောင်စိုးထိုက် ဆိုသူကို ဖုန်းခိုးမှုကျူးလွန်သူတစ်ဦးနှင့် မှားယွင်းကာ ဖမ်းဆီးခံခဲ့ရကြောင်း ကာယကံရှင်က ပြောသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၆ နာရီခွဲခန့်တွင် ကိုအောင်စိုးထိုက်သည် သမီးဖြစ်သူကို သွားကြိုစဉ် လူနှစ်ယောက်က လာရောက်ဖမ်းဆီးကာ ရပ်ကွက်ရုံးခေါ်ဆောင်သွားပြီးနောက် အလုံရဲစခန်းတွင် ဖုန်းခိုးကြောင်း ဝန်ခံရန် အတင်းအကြပ် စေခိုင်းခဲ့ကြောင်း Babylon Trekking & Camping Tour ခရီးသွားလုပ်ငန်း မှ ဒါရိုက်တာ ကိုအောင်စိုးထိုက်က မဇ္ဈိမသို့ ပြောသည်။

" ကျွန်တော်ကို ဘာမှ ဖြေရှင်းချက် မပေးခိုင်းဘူး။ အတင်းဝန်ခံခိုင်းတယ်။ ပြီးခဲ့တဲ့ ၇ ရက်နေ့ညက ထွေအုပ်ရုံးမှာ ဖုန်းတစ်လုံး အခိုးခံလိုက်ရတယ်၊ အဲဒါကို CCTV မှာတွေ့သူက ကျွန်တော်နဲ့ အတော် ဆင်တယ်။ တွေ့တဲ့ဟာကို ကျွန်တော်ပါဆိုပြီး ဝန်ခံခိုင်းတယ်။ ကျွန်တော် မဟုတ်ဘူးလို့ ပြောလို့ မရဘူး၊ နောက်တော့ ကျွန်တော့ကို ပုံစံထိုင်းခိုင်းတယ်။ ညှဉ်းပမ်းနှိပ်စက်တယ်။"ဟု ကိုအောင်စိုးထိုက်က ပြောသည်။

ရဲတပ်ဖွဲ့ဝင်များက ကိုအောင်စိုးထိုက်၏ ရင်ဘတ်နှင့်ကျောပြင်ကို ထိုးကြိတ်ခဲ့သည့်အပြင် လက်ထိပ်ခတ်ကာ လက်မြှောက်ခြင်း၊ပုံစံထိုင်ခိုင်းခြင်းများ ပြုလုပ်ခဲ့သောကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် ဂုဏ်သိက္ခာအတွက် နစ်နစ်မှုများရှိနေကြောင်း ကိုအောင်စိုးထိုက်ဘက်က ဆိုသည်။

 "ဒီလိုမျိုး ရှေ့မှာလည်း ဘယ်လောက်လုပ်ခံရပြီးလဲ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်က တခြားသူတွေကိုလည်း မဖြစ်စေချင်ဘူး။ ဒါကြောင့် လမ်းနှစ်လမ်းရွေးတာပေါ့ ။ တရားစွဲမလား၊ ဒီတိုင်းပဲ ကျေအေးမလားပေါ့။ ရှေ့နေနဲ့ တိုင်ပင်တော့ ကျွန်တော်တို့ တရားစွဲမယ်ဆိုရင်  ရဲတွေကိုတရားစွဲမယ်ဆိုရင် အလုပ်တွေရှုပ်မယ်။ ပြီးတော့ ကြာနေဦးမှာ။ ကျွန်တော်မှာလည်း အလုပ်တွေနဲ့ ဆိုတော့ အရှည်၊ အရှည်တွေ မဖြစ်ချင်ဘူး။  နောက်လူတွေကို မလုပ်စေချင်ဘူး။ သူတို့ကို အရေးယူပေးဖို့ ၊တောင်းပန်ဖို့လောက်ပဲ ကျွန်တော်တောင်းဆိုခဲ့တာပါ။ သူတို့က မြို့နယ်မှူးကိုယ်တိုင်တောင်းပန်တယ်။ လုပ်တဲ့ ရဲတွေကတောင်းပန်ပါတယ်။သူတို့ကျူးလွန်တဲ့ ရဲတွေကိုလဲ အရေးယူမယ်ပြောတယ်။အခု အားလုံးကျေအေးသွားပြီ။" ဟု ကိုအောင်စိုးထိုက် ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍  CCTV မှတ်တမ်းကိုပြန်ကြည့်၍လူမှားကြောင်း သိရသောကြောင့် နိုဝင်ဘာလ ၉ ရက် ည ၁၁ နာရီခန့်တွင် ကိုအောင်စိုးထိုက်အား ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စ နှင့်ပတ်သက်ပြီး အလုံမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly