အချဉ်ဓာတ်များသည့်လယ်ယာမြေများကို ထုံးများထည့်ပြီး စိုက်ပျိုးရာ စပါးအထွက်တိုးလျှက်ရှိ

By စည်သူမောင်မောင်မောင်
10 November 2018
အချဉ်ဓာတ်များသည့်လယ်ယာမြေများကို ထုံးများထည့်ပြီး စိုက်ပျိုးရာ စပါးအထွက်တိုးလျှက်ရှိ

ပုသိမ်၊နိုဝင်ဘာ ၁၀ ။          ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အချဉ်ဓာတ်များသည့် လယ်မြေများတွင် ထုံးများ ထည့်၍ မြေဆီလွှာ ပြုပြင်စိုက်ပျိုးခဲ့ရာ စပါးအထွက်နှုန်း တိုးလာကြောင်း ဧရာဝတီတိုင်း စိုက်ပျိုးမွေးမြူးရေး၊ သယံဇာတနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးတင်အောင်ဝင်းကပြောသည်။

“ထုံးမထည့်ဘဲ သဘာဝအတိုင်းစိုက်ထားတဲ့လယ်နဲ႔ ထုံးထည့်ပြီးတော့ ပြုပြင်ပြီးစိုက်ထားတဲ့ လယ်တွေက အနည်းဆုံးတစ်ဧကရဲ့ အထွက်နှုန်း ကွာခြားချက်က  ၁၅တင်းကနေ ၂၂တင်းအထိကွာခြားတာကိုတွေ့ရတယ်။ မြေဆီလွှာကိုစမ်းသပ်ပြီး လိုအပ်တဲ့ပြုပြင်မှုတွေလုပ်ဖို့ဆိုတဲ့အချက်က နဂိုတုန်းက အားနည်းနေတယ်။ မလုပ် နိုင်ခဲ့ကြဘူးပေါ့”ဟု ဦးတင်အောင်ဝင်းက ပြောသည်။

 

ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ၃ရသိန်းကျော်ရှိပြီး ရေတော်မိုးတော်ဟု ခေါ်ဝေါ်သော လယ် ကောင်း အရေအတွက်မှာ ဧက ၂ရသိန်းကျော်ရှိကာ မြေဆီလွှာစမ်းသပ်ခဲ့သည့်ဧက အရေအတွက်မှာ ၉သိန်း ခန့်ရှိကြောင်း သိရသည်။ ထို့အပြင် ကျန်ရှိသော လယ်မြေများကို ယခုနှစ်တွင် ဆက်လက်စမ်းသပ်ပေးသွားမည် ဟုသိရသည်။

“လက်ရှိမှာ ဧက ၅၀၀ စံပြအကွက်ကို အကောင်အထည်ဖော်တဲ့အခါကျတော့ စိုက်ပျိုးရေးကနေ မြေကြီးတွေကို ဓာတ်ခွဲတာ လာလုပ်ပေးတယ်။ဓာတ်ခွဲတဲ့အခါ မြေကြီးတွေရဲ့ ချဉ်ငံ့ကိန်းက ၄၃ ဒသမ ၅လောက်အထိ ကျနေ တာကို သိရတဲ့အတွက် စိုးရိမ်စရာအခြေအနေဖြစ်သွားတယ်။ စံပြကွက်တွေမှာ ထုံးပိဿာတစ်ရာ ထည့်ရင် အကျိုးရှိနိုင်တယ်လို့ပြောတဲ့အတွက် တစ်ရာထည့်တယ်။ ဒါ့အပြင် ကိုယ်အစီအစဉ်နဲ့ကိုယ် နှစ်ရာထည့်ပြီး စမ်းသပ်လိုက်တယ်။ အဲ့တော့ မြင်နေရတဲ့အတိုင်း ချဉ်ငံကိန်းတွေ တက်လာပြီး အကျိုးရှိလာသလို စပါအထွက် လည်း တစ်ဧကကို ကိုးတင်းလောက် ကွာသွားတယ်”ဟု မော်ကျွန်းမြို့နယ်မှ တောင်သူလယ်သမား ဦးတင်အောင်သန်းက ပြောသည်။

အချဉ်ဓာတ်များသည့် လယ်ယာမြေများအတွင်း ထုံးထည့်စိုက်ပျိုးမှုများကြောင့်လယ်မြေများအတွက် မြေဆီလွှာကို ထိန်းသိမ်းရန်လုပ်ဆောင်ခြင်းသာဖြစ်ပြီး စပါးများကို ထုံးကျွေးခြင်းမျိုး မဟုတ်ကြောင်း တောင်သူများထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required